ပြီးခဲ့သည့် ဇွန်လ ၅ ရက် နံနက်ပိုင်းက ပတ္တရားမြို့၊ Jomtienကမ်းခြေတလျှောက်တွင် ပင်လယ်လှိုင်းကြီးမှုကြောင့် အာရှအစိမ်းရောင်ကမာကောင် (Asian green mussels) များနှင့် ဓားမြှောင်ခရု (Razor clams) များ အမြောက်အမြား ကမ်းပေါ်သို့ သောင်တင်လာခဲ့သဖြင့် ဒေသခံ ရာပေါင်းများစွာက ပီနန်အိတ်များ၊ ပလတ်စတစ်ပုံးများဖြင့် အလုအယက် လာရောက်ကောက်ယူခဲ့ကြပါတယ်။
Jomtien ကမ်းခြေတွင် ထီးနှင့် ကုလားထိုင်ငှားရမ်းသည့် လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ ယခုကဲ့သို့ ကမာနှင့် ခရုများ ကမ်းပေါ်တက်လာသည့် ဖြစ်စဉ်သည် မုတ်သုံရာသီ (မိုးရာသီ) အတွင်း တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်ဖြစ်ပွားလေ့ရှိသည့် သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည်။
ယခုနှစ်တွင် ထူးခြားသည်မှာ ကမ်းပေါ်သောင်တင်လာသည့် ကမာကောင်များ၏ အရွယ်အစားမှာ ယခင်နှစ်များထက် သိသိသာသာ ပိုမိုကြီးထွားလာခြင်းဖြစ်သည်။ ဒေသခံအချို့မှာ တစ်ဦးလျှင် ကီလိုဂရမ် ဆယ်ဂဏန်းမှသည် အချို့ဆိုလျှင် ကီလို ၁၀၀ ခန့်အထိ အများအပြား ကောက်ယူရရှိခဲ့ကြသည်။
ကောက်ယူရရှိသည့် ကမာကောင်များကို ပြုတ်၍ ပင်လယ်စာအချဉ်ရည်စပ်စပ်ဖြင့် ဘေးကင်းစွာ ချက်ပြုတ်စားသုံးနိုင်ပြီး၊ ဒေသခံမိသားစုများအတွက် မိုးရာသီအတွင်း အခမဲ့ရရှိသည့် ပင်လယ်စာကောင်းတစ်ခု ဖြစ်ခဲ့သဖြင့် တစ်မနက်ခင်းလုံး ကမ်းခြေတွင် အလွန်စည်ကားလှုပ်ရှားခဲ့ပါတယ်။
Source;The Pattaya News
