ထိုင်းနိုင်ငံ၏ သန်းနှင့်ချီသော ပရိသတ်အားပေးမှုရှိသည့် နာမည်ကျော် အွန်လိုင်းအားကစားနှင့် ဘောလုံးမီဒီယာလုပ်ငန်းကြီးဖြစ်သော ခေါ့ပ်စနမ် (Khob Sanam Co Ltd) က ၎င်းတို့၏ အဖွဲ့အစည်းအမည်၊ လိုဂို၊ အမှတ်တံဆိပ်နှင့် အရောင်အသွေးများကို ခွင့်ပြုချက်မရှိဘဲ ခိုးယူအသုံးပြုကာ ပြည်သူများကို လှည့်ဖြားနေသည့် အွန်လိုင်းလောင်းကစားဂိုဏ်းများကို ဥပဒေအရ အလျှော့အတင်းမရှိ အပြတ်အသတ် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
လတ်တလောတွင် အွန်လိုင်းလောင်းကစားဝဘ်ဆိုက်များနှင့် လူမှုကွန်ရက်စာမျက်နှာ အကောင့်အများအပြားသည် “Khob Sanam” အမည်တူ (သို့မဟုတ်) ဆင်တူယိုးမှား အင်္ဂလိပ်အမည်များ၊ စာလုံးဒီဇိုင်း၊ လိုဂိုနှင့် ပုံရိပ်များကို သုံးစွဲကာ ၎င်းတို့နှင့် ဆက်နွှယ်နေသယောင် ပြည်သူများကို လိမ်လည်မြှူဆွယ်နေကြသဖြင့် မီဒီယာ၏ ဂုဏ်သိက္ခာကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။
ခေါ့ပ်စနမ်သည် Nation Group အောက်ရှိ ဖော်လိုဝါ (Followers) ၁၄ သန်းကျော် ရှိသည့် တရားဝင် အားကစားသတင်းနှင့် ဘောလုံး Content ဖန်တီးပေးသော ကွန်မြူနီတီတစ်ခုသာဖြစ်ပြီး၊ မည်သည့်အွန်လိုင်းလောင်းကစား၊ ငွေသွင်း/ငွေထုတ်လုပ်ငန်းများနှင့်မဆို တစ်စုံတစ်ရာ ပတ်သက်မှု လုံးဝ (လုံးဝ) မရှိကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။
လက်ရှိတွင် ကုမ္ပဏီ၏ ဥပဒေရေးရာအဖွဲ့သည် သက်သေများ စုဆောင်းနေပြီး နည်းပညာမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ (TCSD) ထံ ကွန်ပျူတာမှုခင်းအက်ဥပဒေဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေသည့်အပြင်၊ ဒီဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဝန်ကြီးဌာန (MDES) နှင့် ပူးပေါင်းကာ အဆိုပါ ဝဘ်ဆိုက်အတုများကို အမြန်ဆုံး ပိတ်ဆို့ (Block) သွားမည်ဖြစ်သည်။
Source;The Nation
