Gen Z လူငယ်များ နည်းပညာကြောင့် အလုပ်အကိုင်ပျောက်ဆုံးမည့် ဘေးကို စတင်စိုးရိမ်လာ

မကြာသေးမီက အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ဘွဲ့နှင်းသဘင် အခမ်းအနားအချို့တွင် AI (ဉာဏ်ရည်တု) နည်းပညာနှင့် ပတ်သက်ပြီး ကျောင်းသားများ၏ ကန့်ကွက်ဆန့်ကျင်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပါတယ်။ ဤဖြစ်စဉ်သည် ကျောင်းသားများအနေဖြင့် နည်းပညာကို မသိနားမလည်၍ ငြင်းပယ်ခြင်းမဟုတ်ဘဲ၊ ၎င်းတို့ စာသင်ခန်းထဲတွင် အသုံးပြုခဲ့သည့် AI ကိရိယာများကိုပင် အလုပ်ရှင်များက ၎င်းတို့ကို အလုပ်မခန့်ဘဲ လူစားထိုးရန် ပြန်လည်အသုံးပြုလာမည်ကို အလုပ်အကိုင်ပျောက်ဆုံးမည့် စိုးရိမ်စိတ် (Job Displacement Fear) ကြောင့် ပြင်းထန်စွာ တုံ့ပြန်လာခြင်း ဖြစ်သည်။

📊 စာရင်းဇယားများအရ Gen Z လူငယ်များ AI အပေါ် သဘောထား ပြောင်းလဲလာမှု

၁။ Gallup ၏ ၂၀၂၆ ခုနှစ် စစ်တမ်း (အသက် ၁၄ နှစ်မှ ၂၉ နှစ်ကြား):

▪️AI အပေါ် စိတ်လှုပ်ရှားမှု: ၃၆% မှ ၂၂% သို့ ကျဆင်းသွားသည်။

▪️AI အပေါ် မျှော်လင့်ချက်: ၁၈% သို့ ကျဆင်းသွားသည်။

▪️AI အပေါ် ဒေါသထွက်မှု: ၂၂% မှ ၃၁% သို့ မြင့်တက်လာသည်။

▪️AI အပေါ် စိုးရိမ်ပူပန်မှု: ၄၂% အထိ မြင့်မားနေဆဲ ဖြစ်သည်။

လက်ရှိအလုပ်လုပ်နေသည့် Gen Z လူငယ် ၄၈% က လုပ်ငန်းခွင်အတွင်း AI အသုံးပြုခြင်းသည် အကျိုးကျေးဇူးထက် အန္တရာယ် (Risks) ပိုများကြောင်း သုံးသပ်ကြသည်။

၂။ Harvard Youth Poll စစ်တမ်း:

လူငယ် ၅၉% က AI သည် ၎င်းတို့၏ အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုအဖြစ် ရှုမြင်ကြပြီး၊ ယင်းစိုးရိမ်စိတ်သည် ရွှေ့ပြောင်းအခြေချသူများပြဿနာ (Immigration) နှင့် လုပ်ငန်းများကို ပြည်ပသို့ လွှဲပြောင်းပေးခြင်း (Outsourcing) တို့ထက်ပင် ပိုမိုမြင့်မားနေသည်။

Nation Thailand ၏ အစီရင်ခံစာအရ ထိုင်းနိုင်ငံသည် အာဆီယံဒေသတွင်း ကျောင်းသားများအကြား Generative AI အသုံးပြုမှု အမြင့်မားဆုံးနိုင်ငံ အဖြစ် ရပ်တည်နေပြီး၊ ထိုင်းကျောင်းသား ၉၀% ကျော်နှင့် ဆရာ/ဆရာမ ၈၀% ကျော်သည် AI ကိရိယာများကို အသုံးပြုနေကြသည်။

သို့သော်လည်း ပညာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲများတွင် ပညာရှင်များက အောက်ပါအတိုင်း သတိပေးထားကြသည်-

▪️AI သည် လေ့လာမှုကို အထောက်အကူပြုရုံသာ ဖြစ်သင့်ပြီး၊ လူသားတို့၏ ကိုယ်တိုင်တွေးခေါ်မှု၊ မေးခွန်းထုတ်မှုနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်း (Judgement) လုပ်ငန်းစဉ်များကို အစားမထိုးသင့်ပေ။

▪️စာသင်ခန်းတွင်း ရှင်းလင်းသော လမ်းညွှန်ချက်များ (Guardrails)၊ ကျင့်ဝတ်ဆိုင်ရာ မူဘောင်များနှင့် ဆရာများ၏ အခန်းကဏ္ဍကို သတင်းအချက်အလက် ပေးဝေသူအဆင့်မှ AI ကို စနစ်တကျ သုံးတတ်အောင် လမ်းညွှန်ပေးသူအဖြစ် ပြောင်းလဲရန် လိုအပ်နေသေးသည်။

Source;The Nation