ပြင်းထန်သောအပူရှိန်နှင့် ရေခဲမြစ်အရည်ပျော်မှုကြောင့် တရုတ်နိုင်ငံရှိ သဲကန္တာရဒေသများတွင် ဆိုးရွားသော ရေကြီးမှုအန္တရာယ်ဖြစ်နိုင်ကြောင်း သတိပေး

တရုတ်နိုင်ငံ အာဏာပိုင်များက ရှင်ကျန်းဝီဂါ (Xinjiang Uyghur) နှင့် နိုင်ငံအနောက်မြောက်ပိုင်းဒေသရှိ ပြည်သူများအနေဖြင့် ယခုနွေရာသီအတွင်း ပုံမှန်မဟုတ်သော အပူလှိုင်းဖြတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေခဲမြစ်များ အရှိန်အဟုန်ဖြင့် အရည်ပျော်ခြင်းတို့ကြောင့် ပြင်းထန်သော ရေကြီးရေလျှံမှုအန္တရာယ်များကို ကြိုတင်ပြင်ဆင်ထားကြရန် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

တရုတ်နိုင်ငံ၏ အကြီးဆုံးသဲကန္တာရဖြစ်သော တပ်ကလာမာကန် (Taklamakan Desert) တွင် ယခု ဇွန်လဆန်းပိုင်းကတည်းက ယခုနှစ်၏ ပထမဆုံးအကြိမ် ရေကြီးမှုကို စတင်ကြုံတွေ့နေရပြီး ပုံမှန်အားဖြင့် ခြောက်သွေ့နေသော သဲသောင်ပြင်ကြီးများပေါ်တွင် ရေပြင်ကြီးဖြစ်ထွန်းနေသည့် မှတ်တမ်းဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။

၂၀၂၁ ခုနှစ်ကတည်းက အဆိုပါသဲကန္တာရတွင် ရေကြီးမှုများ တစ်ခါတစ်ရံ ဖြစ်ပွားလေ့ရှိသော်လည်း ပုံမှန်အားဖြင့် အပူဆုံးလဖြစ်သည့် ဩဂုတ်လတွင်သာ ဖြစ်လေ့ရှိသည်။ သို့သော် ယခုနှစ် (၂၀၂၆ ခုနှစ်) တွင် အပူချိန်မှာ ပုံမှန်ထက် ပိုမိုမြန်ဆန်စွာ မြင့်တက်လာခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့က ရှင်ကျန်းဒေသတွင် ပျမ်းမျှအပူချိန်ထက် ၇.၃ ဒီဂရီဆဲလ်စီးယပ်စ် အထိ ပိုမိုမြင့်မားကာ ၃၈ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့သည်။

ပညာရှင်များ၏ သုံးသပ်ချက်အရ ယခုကဲ့သို့ သဲကန္တာရအတွင်း ရေကြီးရခြင်းမှာ ကမ္ဘာ့အပူချိန်မြင့်တက်မှု (အပူလှိုင်း) နှင့် မိုးသည်းထန်စွာရွာသွန်းမှုတို့ ပေါင်းစပ်ကာ တီယန်ရှန်း (Tianshan) နှင့် ကွန်လွန် (Kunlun) တောင်တန်းများပေါ်ရှိ ရေခဲမြစ်များနှင့် ဆီးနှင်းထုများ ရုတ်တရက် အရည်ပျော်ကျလာခြင်းကြောင့် ဖြစ်သည်။

ထိုသို့ အရည်ပျော်ကျလာသည့် ရေထုအမြောက်အမြားသည် တရုတ်နိုင်ငံ၏ အရှည်ဆုံး ပြည်တွင်းစီးမြစ်ဖြစ်သော တာရင်မြစ် (Tarim River) အတွင်းသို့ စီးဝင်ကာ မြစ်ရေလျှံပြီး နိမ့်ပါးသော သဲကန္တာရမြေပြင်များဆီသို့ လျှံထွက်သွားခြင်းဖြစ်သည်။

ဤဖြစ်စဉ်ကြောင့် သဲကန္တာရထဲတွင် ယာယီအိုအေစစ် (Oases) ရေကန်ငယ်လေးများ ဖြစ်ပေါ်လာပြီး သစ်တောဂေဟစနစ်ကို အားကောင်းစေနိုင်သော်လည်း၊ ပထဝီအနေအထားအရ အငွေ့ပျံနှုန်း အလွန်မြင့်မားသောကြောင့် ရေရှည်ခံမည်မဟုတ်ပေ။

တရုတ်အမျိုးသား မိုးလေဝသခန့်မှန်းရေးဌာန (CMA) မှလေ့လာဆန်းစစ်သူ ဆွန်ချန်ချန် (Sun Qianqian) က ယခုကဲ့သို့ ပြင်းထန်သော ရေကြီးမှုများကြောင့် ဒေသတွင်းရှိ လမ်းပန်းဆက်သွယ်ရေး (လမ်းမကြီးများနှင့် ရထားလမ်းများ) အပြင်၊ ထိုဒေသအတွက် အလွန်အရေးပါလှသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံများကိုပါ ဆိုးရွားစွာ ပျက်စီးဆုံးရှုံးစေနိုင်ကြောင်း သတိပေးထားသည်။ အာဏာပိုင်များက ဒေသခံများနှင့် ခရီးသွားများအနေဖြင့် မိုးလေဝသသတိပေးချက်များကို အနီးကပ်စောင့်ကြည့်ရန်နှင့် ခရီးစဉ်များကို ဘေးကင်းလုံခြုံရေးအရ လိုအပ်သလို အမြဲပြင်ဆင်ညှိနှိုင်းကြရန် တိုက်တွန်းထားသည်။

Source;Thairath