တရုတ်ဖောက်သည်သီးသန့် Food Delivery App ၃ ခုကို ထိုင်းဥပဒေချိုးဖောက်မှု ရှိ၊ မရှိ အစိုးရဌာန စတင်စုံစမ်းစစ်ဆေး

ထိုင်းနိုင်ငံအတွင်းရှိ တရုတ်လူမျိုးစုအသိုင်းအဝိုင်းကိုသာ သီးသန့်ပစ်မှတ်ထားပြီး ဝန်ဆောင်မှုပေးနေသည့်Food Delivery Apps ၃ ခုသည် ထိုင်းဥပဒေများကို ချိုးဖောက်နေခြင်း ရှိ၊ မရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ထိုင်းလူမှုကွန်ရက်စာမျက်နှာများပေါ်တွင် Feixiang၊ Gokoo နှင့် E-Gets ဟုခေါ်သော ပလတ်ဖောင်း ၃ ခုနှင့်ပတ်သက်ပြီး ဝေဖန်မှုများ မြင့်တက်လာခဲ့ရာမှတစ်ဆင့် အစိုးရက ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ၎င်းအပလီကေးရှင်းများသည်—

1.တရားမဝင် ဖွင့်လှစ်ထားသည့် တရုတ်စားသောက်ဆိုင်များနှင့် ချိတ်ဆက်လုပ်ကိုင်နေခြင်း။

2.အလုပ်လုပ်ကိုင်ခွင့် (Work Permit) မရှိသည့် နိုင်ငံခြားသား ယာဉ်မောင်း (Riders) များကို ငှားရမ်းအသုံးပြုနေခြင်း။

3.ထိုင်းနိုင်ငံသားအမည်ခံကာ တရားမဝင် ရင်းနှီးမြှုပ်နှံထားခြင်း (Nominee) စသည့် ဥပဒေချိုးဖောက်မှုများ ရှိနေသည်ဟု စွပ်စွဲခံထားရသည်။

Feixiang (The Fly Holding)သည် ၂၀၂၁ ခုနှစ်တွင် မှတ်ပုံတင်ခဲ့ပြီး မတည်ရင်းနှီးငွေ ဘတ် ၂၅ သန်း ရှိသည်။ ထိုင်းနိုင်ငံသား ရှယ်ယာ ၅၁% ရှိသည်ဟု ပြသထားသော်လည်း ၂၀၂၄ ခုနှစ်တွင် ဘတ် ၁၁.၂ သန်းကျော် ရှုံးပေါ်ထားသည်။

Gokoo (Gokooonline)မှာ ၂၀၂၀ ပြည့်နှစ်တွင် မှတ်ပုံတင်ခဲ့ပြီး မတည်ငွေ ဘတ် သန်း ၃၀ ရှိကာ ထိုင်းနိုင်ငံသား ၈၀% ပိုင်ဆိုင်သည်ဟု ပြသထားသည်။ စီးပွားရေးအလွန်ကောင်းမွန်နေပြီး ၂၀၂၄ ခုနှစ်တွင် ဝင်ငွေ ဘတ် ၂၃၁ သန်း အထိ ရရှိခဲ့ကာ ပထမဆုံးအကြိမ်အဖြစ် အမြတ်ငွေ ဘတ် ၃၁.၄ သန်း ရရှိထားသည်။

E-Gets (E-Gets Technology)ကတော့ ၂၀၂၃ ခုနှစ်တွင် မှတ်ပုံတင်ခဲ့ပြီး မတည်ငွေ ဘတ် သန်း ၂၀ ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံသားများ အများစုပိုင်ဆိုင်သည့် Foreign Company ဖြစ်သည်။

အစိုးရ၏ ရှေ့ဆက်မည့် အရေးယူဆောင်ရွက်ချက် DBD အနေဖြင့် ကမ္ဘောဒီးယားနောက်ခံရှိသည့် E-Gets ကုမ္ပဏီ၏ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းဆိုင်ရာ ခွင့်ပြုချက်လိုင်စင် (Foreign Business Permit) ကို စစ်ဆေးမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံသားအများစု ပိုင်ဆိုင်သည်ဟု ပြသထားသည့် ကျန်ကုမ္ပဏီ ၂ ခုကိုလည်း ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးစိုက်ထုတ်မှုများကို အသေးစိတ် စစ်ဆေးသွားမည်ဖြစ်သည်။ အကယ်၍ နောက်ကွယ်မှ တရုတ်စီးပွားရေးသမားများက တရားမဝင် နိုမီနီ (Nominee) စနစ်ဖြင့် လည်ပတ်နေခြင်းဖြစ်ကြောင်း ပေါ်ပေါက်ပါက ပြတ်ပြတ်သားသား အရေးယူသွားမှာ ဖြစ်ပါတယ်။

Source;Bangkok Post