ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်တွင် လဝကစစ်ဆေးမှုများကို ကျော်ဖြတ်ပြီး ဝင်ခွင့် ၁၀၀% အာမခံပေးမည်ဟုဆိုကာ နိုင်ငံခြားသားများထံမှ ငွေကြေးအဆမတန်တောင်းခံနေသည့် “ပေါင်ကွမ်” (Bao Guan) ဟုခေါ်သော တရုတ်ပွဲစားကွန်ရက်ကို စုံစမ်းစစ်ဆေးရန် အရေးပေါ်ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး တပ်ဖွဲ့ခွဲ (၂) က ထုတ်ပြန်လိုက်ပါတယ်။
လတ်တလော စစ်ဆေးမှုများ တင်းကျပ်လာခြင်းကို အခွင့်ကောင်းယူကာ တရုတ်ပွဲစားများသည် ၎င်းတို့၏ ဝန်ဆောင်ခကို ၁၀ ဆခန့်အထိမြှင့်တင်ပြီး ဗီဇာအမျိုးအစားပေါ်မူတည်၍ တစ်ဦးလျှင် ထိုင်းဘတ် ၄,၅၀၀ မှ ၁၂,၀၀၀ အထိ တောင်းခံခဲ့ကြသည်။
အဆိုပါပွဲစားများသည် အရာရှိကြီးများနှင့် ဌာနဆိုင်ရာအမည်များကို အလွဲသုံးစားလုပ်ကာ ခရီးသွားများကို လှည့်ဖြားနေခြင်းဖြစ်သည်။ အကယ်၍ လဝကအရာရှိတစ်ဦးဦး ကိုယ်တိုင်ပါဝင်ပတ်သက်ကြောင်း စစ်ဆေးတွေ့ရှိပါက ဌာနဆိုင်ရာပြစ်ဒဏ်အပြင် ရာဇဝတ်မှုဖြင့်ပါ ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု ဆိုသည်။
ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် စိစစ်မှုများ တင်းကျပ်ထား အိမ်နီးနားချင်းနိုင်ငံများ (အထူးသဖြင့် မြန်မာနိုင်ငံ) တွင် နှိမ်နင်းခံရသဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းအခြေစိုက်ရန် ကြိုးပမ်းလာသည့် ကျားဖြန့် (Call Center) နှင့် ဂိုဏ်းဝင်များကို ပိတ်ဆို့ရန် လဝကက အဝင်အထွက် ခဏခဏလုပ်သူများ (Visa Run) ကို အဓိကထား တင်းကျပ်စွာ စစ်ဆေးနေသည်။ ထို့ကြောင့် ၂၀၂၆ ခုနှစ် အစပိုင်းမှ ယနေ့အချိန်အထိ နိုင်ငံခြားသားပေါင်း ၁၃,၂၂၉ ဦးကို ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခွင့် အပြတ်အသတ် ငြင်းပယ်ခဲ့သည်။
တရားဝင်ခရီးသွားများ စိုးရိမ်ရန်မလို DTV ဗီဇာ၊ ကျောင်းသားဗီဇာနှင့် တရားဝင်ဗီဇာ စာရွက်စာတမ်း အပြည့်အစုံရှိပြီး ဝင်ရောက်မည့်ရည်ရွယ်ချက် ရှင်းလင်းသူများအနေဖြင့် ပွဲစားများ၏ လိမ်လည်ဈေးတင်မှုကို မယုံကြည်ကြရန်နှင့် လေဆိပ်တွင် ပုံမှန်အတိုင်း လွယ်ကူစွာ ဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း အတည်ပြုထားပါတယ်။
Source;The Nation
