ထိုင်းနိုင်ငံ၏ နာမည်ကျော် ဟွာဟင်ရထားဘူတာရုံ (Hua Hin Railway Station) တွင် ရထားစောင့်ဆိုင်းနေသည့် ဂျပန်ခရီးသွား ဗီဒီယိုဖန်တီးသူ (Content Creator) တစ်ဦးသည် ကုလားထိုင်နောက်မှီကို မှီချလိုက်စဉ် ကုလားထိုင် ချက်ချင်းကျိုးကျသွားပြီး ပက်လက်လန်လဲကျခဲ့သည့် ရယ်မောစရာနှင့် စိုးရိမ်စရာ ဖြစ်ရပ်တစ်ခု ဇွန်လ ၂၄ ရက်နေ့က လူမှုကွန်ရက်ပေါ်တွင် အကြီးအကျယ် ရေပန်းစားသွားခဲ့ပါတယ်။
“ထိုင်းနိုင်ငံက ကျွန်တော့်နှလုံးသားကို ရပ်တန့်လုနီးပါး ဖြစ်စေခဲ့တယ်”
အဆိုပါဖြစ်ရပ်ကို jun_suga_sekidou အမည်ရှိ ခရီးသွား Vlog ချန်နယ်ကို လည်ပတ်နေသည့် ဂျပန်ခရီးသွားက ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ခြင်းဖြစ်သည်။
ဗီဒီယိုဖိုင်ထဲတွင် ၎င်းသည် ဘူတာရုံရှိ ကုလားထိုင်တစ်ခုပေါ်၌ ထိုင်နေပြီး နောက်မှီကို အားပြုမှီချလိုက်သည့်အချိန်တွင် ကုလားထိုင်နောက်မှီသည် ဝုန်းခနဲအသံနှင့်အတူ ပြုတ်ထွက်သွားကာ ၎င်းပါ နောက်ပြန်ပက်လက်လန် လဲကျသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းတွင် ဒဏ်ရာအနာတရ တစ်စုံတစ်ရာ ရရှိခဲ့ခြင်းမရှိပေ။
ဘေးနားရှိ ၎င်း၏သူငယ်ချင်းက “ပစ္စည်းတွေကို လျှောက်မဖျက်ဆီးပါနဲ့” ဟု စနောက်ရယ်မောခဲ့ကြပြီး၊ အဆိုပါဂျပန်ခရီးသွားကလည်း ကုလားထိုင်ကျိုးသွားသည့်အတွက် ဘူတာရုံမှူးထံသို့ စနစ်တကျ သွားရောက်တောင်းပန်ခဲ့ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
ဤဗီဒီယိုဖိုင် ထွက်ပေါ်လာပြီးနောက် ထိုင်းလူမှုကွန်ရက်အသုံးပြုသူများအကြား ဗီဒီယိုကိုကြည့်ပြီး ရယ်မောခဲ့ကြသလို၊ အခြားတစ်ဖက်တွင်လည်း အများပြည်သူဆိုင်ရာ နေရာများ၏ ကြံ့ခိုင်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုစံနှုန်းများအပေါ် မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။
အချို့က ယခုဖြစ်ရပ်တွင် လူငယ်တစ်ဦးဖြစ်၍ ထိခိုက်ဒဏ်ရာမရသော်လည်း၊ အကယ်၍ အဆိုပါကုလားထိုင်တွင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ သို့မဟုတ် ကိုယ်ဝန်ဆောင်မိခင်များ ထိုင်မိ၍ လဲကျပါက ကြီးလေးသော ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ဘူတာရုံအတွင်းရှိ အသုံးအဆောင်ပစ္စည်းများကို သေချာစွာ စစ်ဆေးပြုပြင်သင့်ကြောင်း ထောက်ပြဝေဖန်ခဲ့ကြပါတယ်။
Source;Khaosod
