“အပြစ်ပေးတာထက် ကူညီပါ”- အာဆီယံရဲ့ ကျရှုံးနေတဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး မူဝါဒဟောင်းတွေကို ပြောင်းလဲဖို့ IDPC တိုက်တွန်း

နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ (World Drug Day) တွင် နိုင်ငံတကာ မူးယစ်ဆေးဝါးမူဝါဒ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (IDPC) ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ ဂလိုရီယာလိုင် (Gloria Lai) က အရှေ့တောင်အာရှ (အာဆီယံ) နိုင်ငံများအနေဖြင့် မူးယစ်ဆေးဝါး လုံးဝပပျောက်ရေး (Drug-free) ဟူသည့် မဖြစ်နိုင်သော အိပ်မက်နောက်သို့ လိုက်နေမည့်အစား လက်တွေ့ကျသော ပြုပြင်ပြောင်းလဲမှုများနှင့် မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးအပြစ်ပေးသည့် စနစ်အား ရပ်တန့်ရန် ဆောင်းပါးတစ်စောင်မှတစ်ဆင့် တိုက်တွန်းနှိုးဆော်ထားပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ၂၀၂၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာ အရ အရှေ့တောင်အာရှနှင့် အရှေ့အာရှဒေသများတွင် စိတ်ကြွဆေးပြား (Methamphetamine) နှင့် ကက်တမင်း (Ketamine) ဖမ်းဆီးရမိမှု ပမာဏမှာ စံချိန်တင် မြင့်တက်ခဲ့သည်။

သို့သော် အာဏာပိုင်များဘက်က အောင်မြင်မှုဟု ဆိုနေကြသော်လည်း လက်တွေ့တွင် မြန်မာ၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံ တို့၌ မူးယစ်ဆေးဝါး လက်လီဈေးနှုန်းများ သိသိသာသာ ထိုးကျသွားခြင်းက ဒေသတွင်း၌ ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှု ပိုမိုများပြား လွယ်ကူလာနေကြောင်း ပြသနေသည်။

အာဆီယံနိုင်ငံအများစုသည် ပြင်းထန်သော ပြစ်ဒဏ်များဖြင့် မူးယစ်ဆေးဝါးကို နှိမ်နင်းရန် ကြိုးပမ်းခဲ့ကြသည်။

စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် မူးယစ်ဆေးဝါးမှောင်ခိုမှုအတွက် သေဒဏ်အထိ ချမှတ်လေ့ရှိသည်။ ဖိလစ်ပိုင်နိုင်ငံတွင်လည်း သမ္မတဟောင်း ဒူတာတေးလက်ထက်က မူးယစ်ဆေးဝါး နှိမ်နင်းရေးကြောင့် လူပေါင်း ၈,၆၀၀ ကျော် (ကုလသမဂ္ဂစာရင်းအရ ၂၀,၀၀၀ ကျော်) အလွတ်သဘော ကွပ်မျက်ခံခဲ့ရသဖြင့် ၎င်းသည် နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) တွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။

ဒေသတွင်းရှိ အကျဉ်းထောင်များရှိ လူဦးရေ၏ ထက်ဝက်ကျော်မှာ မူးယစ်ဆေးဝါးအမှုများကြောင့် ဖြစ်သည်။ ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် အမျိုးသမီးထောင်သား အများဆုံး ဖြစ်ပွားရာ ဒုတိယမြောက်နိုင်ငံဖြစ်ပြီး ၆၀% ကျော်မှာ မူးယစ်ဆေးဝါးအမှုဖြင့် ဖြစ်သည်။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့တွင်လည်း အမျိုးသမီးထောင်သား တိုးပွားနှုန်း ကမ္ဘာ့အမြန်ဆုံး ဖြစ်နေသည်။

အချို့သော မူးယစ်ဆေးဖြတ်ကုသရေးစခန်းများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က ကိုင်တွယ်နေပြီး၊ ၎င်းနေရာများသည် ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မလုပ်အားခိုင်းစေမှုများနှင့် အကြမ်းဖက်မှုများရှိနေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြထားသည်။ ယင်းကဲ့သို့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားခြင်းကြောင့် သုံးစွဲသူများအနေဖြင့် အကူအညီတောင်းခံရန် ကြောက်ရွံ့နေကြရသည်။

ဆောင်းပါးရှင် ဂလိုရီယာလိုင်က နှစ်ပေါင်း ၂၀ ကျော်ကြာ ကျင့်သုံးလာသည့် ပြင်းထန်သော ပိတ်ပင်တားမြစ်မှု မူဝါဒများသည် လုံးဝ ကျရှုံးခဲ့ကြောင်း သိသာထင်ရှားနေပြီဟု ဆိုသည်။ ထို့ကြောင့် အောက်ပါအတိုင်း ပြောင်းလဲရန် တိုက်တွန်းထားသည်။

  1. သုံးစွဲမှုကို ရာဇဝတ်မှုအဖြစ်မှ ပယ်ဖျက်ရန် (Decriminalisation): မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ မိမိကိုယ်တိုင်သုံးစွဲရန် ပမာဏအနည်းငယ် လက်ဝယ်ထားရှိခြင်းနှင့် သုံးစွဲသည့် ကိရိယာများ ကိုင်ဆောင်ခြင်းတို့ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းမှ ရပ်တန့်ရမည်။ (ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၃၀ ကျော်က ယင်းသို့ ကျင့်သုံးနေပြီး ထိုင်ဝမ်/ထိုင်းနိုင်ငံကလည်း ဆေးခြောက်နှင့် ကရတ်တွမ်/ဘိန်းစာရွက်တို့ကို တရားဝင်ခွင့်ပြုခဲ့ဖူးသည်)။
  2. လူ့အခွင့်အရေးနှင့် ကျန်းမာရေးကို ရှေ့တန်းတင်ရန်: အစိုးရများအနေဖြင့် သိပ္ပံနည်းကျ အထောက်အထားများနှင့် လူ့အခွင့်အရေး စံနှုန်းများအပေါ် အခြေခံကာ သုံးစွဲသူများကို အပြစ်ပေးမည့်အစား အန္တရာယ်လျှော့ချရေး (Harm Reduction) နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရေး မူဝါဒများသို့ အမြန်ဆုံး ကူးပြောင်းသင့်ကြောင်း ထောက်ပြထားပါတယ်။

Source;Bangkok Post