ဘန်ကောက်မြို့၊ ဖရခနွန်း Phra Khanong ခရိုင်၊ ပုဏ္ဏဝိထီ လမ်းသွယ် ၁၂ ရှိ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းခွင် အလုပ်သမားစခန်းအတွင်း၌ ဇူလိုင်လ ၂ ရက် (မနေ့ည) က မြန်မာအလုပ်သမားအချင်းချင်း အငြင်းပွားရန်ဖြစ်ကြရာမှ ဂတ်စ်အိုးဖြင့် မီးမှုတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သား ၅ ဦး (အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦး) ပြင်းထန်စွာ မီးလောင်ဒဏ်ရာရရှိခဲ့ပါတယ်။
စုံစမ်းချက်များအရ အလုပ်သမားစခန်းအတွင်း အငြင်းပွားမှုဖြစ်ပွားစဉ် တစ်ဖက်အဖွဲ့က ဓာတ်ဆီလောင်းကာ ဂတ်စ်အိုးဗားကိုဖွင့်၍ တစ်ဖက်လူများကို မီးရှို့မှုတ်ထုတ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မီးလောင်ဒဏ်ရာရရှိသူ အမျိုးသမီးတစ်ဦးသည် မီးတောက်နေသော ဂတ်စ်အိုးကို ကိုင်ဆောင်ကာ တစ်ဖက်လူများဆီသို့ ပြေးသွားစဉ် အရှိန်လွန် ခြေချော်လဲကျသွားခဲ့သည်။ ထိုသို့ လဲကျသွားမှုကြောင့် ဂတ်စ်အိုးမှ မီးတောက်များသည် ၎င်းအပြင် အနီးနားရှိ အခြားမြန်မာလုပ်သား ၄ ဦးထံသို့ပါ အရှိန်ပြင်းစွာ ကူးစက်လောင်ကျွမ်းသွားခဲ့ခြင်း ဖြစ်သည်။
မနေ့ည ၉:၀၀ နာရီဝန်းကျင်တွင် မီးလောင်ဒဏ်ရာရရှိထားသည့် မြန်မာလုပ်သား ၅ ဦးသည် ကားတစ်စီးဖြင့် ဘန်နာ (Bang Na) ခရိုင်ရုံးအနီးရှိ Ruamkatanyu ကယ်ဆယ်ရေးအဖွဲ့ထံသို့ လာရောက်အကူအညီတောင်းခံခဲ့သည်။
တစ်ကိုယ်လုံးတွင် မီးလောင်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ပြီး ၎င်းတို့ကို King Chulalongkorn Memorial Hospital သို့ ပို့ဆောင်ထားသည်။မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ၎င်းတို့ကို Sirindhorn Hospital သို့ ကယ်ဆယ်ရေးအဖွဲ့က ပို့ဆောင်ကုသပေးထားသည်။
ဖြစ်ပွားပြီးနောက် ဖရခနွန်းရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိများသည် အခင်းဖြစ်ပွားရာ လုံးချင်းအိမ် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ကြိုးဝိုင်းပိတ်ဆို့ကာ သက်သေခံပစ္စည်းများ ရှာဖွေစစ်ဆေးခဲ့သည်။
လက်ရှိတွင် အာဏာပိုင်များအနေဖြင့် ရန်ဖြစ်ရသည့် အဓိကအကြောင်းရင်းကို တိကျစွာသိရှိနိုင်ရန်အတွက် ဒဏ်ရာရရှိထားသည့် မြန်မာလုပ်သားများ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာချိန်အထိ စောင့်ဆိုင်းကာ အသေးစိတ် ထွက်ဆိုချက်ယူ၍ အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေပါတယ်။
Source;ThaiPBSWorld
