ထိုင်းနိုင်ငံ၊ ဆူရတ်ထာနီတွင် မြန်မာနိုင်ငံသား ၂၄၀ ကျော်ကို ထိုင်းမှတ်ပုံတင်အတု ပြုလုပ်ပေးသည့် ဒုခရိုင်ဦးစီးမှူးဟောင်း အပါအဝင် ၁၁ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဆူရတ်ထာနီ ပြည်နယ်တွင် မြန်မာနိုင်ငံသား ၂၄၀ ကျော်အား ထိုင်းနိုင်ငံသားအဖြစ် လိမ်လည်လျှောက်ထားပြီး မှတ်ပုံတင်အတု ပြုလုပ်ပေးနေသည့် ဂိုဏ်းတစ်ခုကို “အရိပ်ပြဇာတ်နိဂုံး” (End of the Shadow Play) ဟု အမည်ရသည့် အထူးစစ်ဆင်ရေးဖြင့် ဖြိုခွင်းခဲ့ရာ ဒုတိယခရိုင်ဦးစီးမှူးဟောင်းတစ်ဦး အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

အမျိုးသားလက္ခဏာရပ်ဆိုင်ရာ မှုခင်းနှိမ်နင်းရေးအဖွဲ့ (NICE)၊ ထိုင်းရဲတပ်ဖွဲ့၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) နှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင် (PACC) တို့ ပူးပေါင်းကာ ဒွန်ဆက် (Don Sak) ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် တရားခံ ၁၁ ဦးမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဒွန်ဆက်ခရိုင်၏ ဒုတိယခရိုင်ဦးစီးမှူးဟောင်းတစ်ဦးနှင့် ဒေသခံမှတ်ပုံတင်ရုံးမှ စာရေးဝန်ထမ်းတစ်ဦးနှင့် အကျိုးအမြတ်ရယူကာ လိမ်လည်အာမခံပေးခဲ့သည့် ထိုင်းအိမ်ထောင်စုလူကြီး ၂ ဦးတို့အပြင် မြန်မာနိုင်ငံသား: မှတ်ပုံတင်အတု လာရောက်ပြုလုပ်သူ မြန်မာနိုင်ငံသား ၇ ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။

စုံစမ်းစစ်ဆေးချက်များအရ အဆိုပါအရာရှိဟောင်းနှင့် စာရေးတို့သည် ပူးပေါင်းကာ အစိုးရမှတ်တမ်းများကို အတုပြုလုပ်ပြီး နိုင်ငံသားမဲ့သူများအတွက် ထုတ်ပေးလေ့ရှိသည့် “Type-0” (ပန်းရောင်မှတ်ပုံတင်ကတ်) များကို မြန်မာနိုင်ငံသား ၂၄၀ ကျော်အတွက် လိမ်လည်ထုတ်ပေးခဲ့ကြသည်။

မြန်မာအလုပ်သမားများသည် ပွဲစားများမှတစ်ဆင့် တစ်ဦးလျှင် ဘတ် ၅၀,၀၀၀ အထိ ပေးဆောင်ခဲ့ရပြီး၊ အာမခံလက်မှတ်ထိုးပေးသည့် ထိုင်းအိမ်ထောင်စုလူကြီးများသည် တစ်ဦးလျှင် ဘတ် ၁,၀၀၀ ခန့် လာဘ်ငွေ ပြန်လည်ရရှိခဲ့ကြသည်။

အဆိုပါဂိုဏ်းတွင် ပါဝင်ပတ်သက်သူ အနည်းဆုံးတစ်ဦးသည် နိုင်ငံဖြတ်ကျော် လူမှောင်ခိုကွန်ရက်နှင့် ဆက်နွှယ်နေကြောင်း အာဏာပိုင်များက စိစစ်တွေ့ရှိထားသည်။

လက်ရှိတွင် သုရတ်ထာနီပြည်နယ်အာဏာပိုင်များက ပါဝင်ပတ်သက်သည့် အစိုးရဝန်ထမ်းများကို ဝန်ထမ်းအဖြစ်မှ ချက်ချင်းထုတ်ပယ်လိုက်ပြီး ဖြစ်သည်။ ထို့ပြင် သံသယရှိစာရင်းတွင် ပါဝင်နေသည့် မြန်မာနိုင်ငံသား ၂၄၀ ကျော်၏ စာရင်းများကို ဆိုင်းငံ့ထားပြီး တရားမဝင်ထုတ်ပေးထားသည့် ကတ်ပြားများကို အစိုးရဒေတာဘေ့စ် (Database) ထဲမှ စနစ်တကျ ပြန်လည်ပယ်ဖျက်သွားမည်ဖြစ်သည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) အနေဖြင့်လည်း တရားခံအားလုံး၏ ဘဏ္ဍာရေးလမ်းကြောင်းများကို လိုက်လံစစ်ဆေးကာ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် လုပ်ဆောင်နေပြီး၊ အခြားပြည်နယ်များတွင်လည်း ယခုကဲ့သို့ မှတ်ပုံတင်အတုပြုလုပ်သည့် ပွဲစားကွန်ရက်များ ရှိမရှိ ဆက်လက်မြေလှန်ရှာဖွေနေပါတယ်။

Source;ThaiPBS