ထိုင်းနိုင်ငံ၊ ချွန်ပူရီပြည်နယ်၊ ဘန်လမွန်း (Bang Lamung) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပတ္တရားနှင့် အနီးနားတစ်ဝိုက်ရှိ နယ်မြေ ၅ ခုတွင် ဆိုင်ကယ်ဘီး များကို လိုက်လံဖြုတ်ယူခိုးဆိုးနေသည့် အသက် ၃၈ နှစ်အရွယ် ဆိုင်ကယ်ပြင်ဆရာတစ်ဦးကို သက်သေများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ဘန်လမွန်းရဲစခန်းမှူး ရဲမှူးကြီး စာရာဝုတ် (Pol. Col. Sarawut Nuchanart) ၏ ညွှန်ကြားချက်အရ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စီဒီတီဗွီ (CCTV) မှတစ်ဆင့် လိုက်လံခြေရာခံကာ တရားခံဖြစ်သူ နာရီ အာထွန်း (ခ) “ချန်းမွတ် ရုန်းပိုး” ကို နွန်ပရူးတိုက်နယ်ရှိ အခန်းတစ်ခုအတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် Honda PCX160 ဆိုင်ကယ်တစ်စီး၊ ဦးထုပ်၊ အဝတ်အစားများနှင့် ဆိုင်ကယ်ဘီးများကို အချိန်တိုအတွင်း ဖြုတ်နိုင်သည့် ကီးမား (Locking pliers)၊ ဝက်အူလှည့်၊ ဂွတုံး စသည့် အလုပ်ရုံသုံး ပစ္စည်းကိရိယာများစွာကို သိမ်းဆည်းရမိခဲ့သည်။
တရားခံ၏ ဝန်ခံထွက်ဆိုချက်အရ ၎င်းသည် ဆိုင်ကယ်ပြင်သမားတစ်ဦးဖြစ်ပြီး၊ Facebook မှတစ်ဆင့် မည်သူမည်ဝါမှန်းမသိရသည့် ဝယ်ယူသူများထံမှ “Honda Wave” ဆိုင်ကယ်လွိုင်းဘီးများကို ခိုးယူပေးရန် အော်ဒါလက်ခံခဲ့သည်။၎င်းသည် လမ်းဘေးတွင် ရပ်တန့်ထားသည့် ဆိုင်ကယ်များ၏ ရှေ့ဘီးနှင့် နောက်ဘီးများကို ဖြုတ်ယူကာ ပါဆယ်သေတ္တာအတွင်း ထည့်သွင်းပြီး အမြန်ချောပို့လုပ်ငန်းဖြင့် ဘန်ကောက် (Bangkok) ရှိ ဝယ်ယူသူထံသို့ ပေးပို့ခဲ့သည်။ ဘီး တစ်ဘီးလျှင် ၁,၇၀၀ ဘတ် ရရှိကြောင်း ထွက်ဆိုထားသည်။
ကျူးလွန်ခဲ့သည့် အကြိမ်ရေ: ၎င်းသည် ဘန်လမွန်း၊ ပတ္တရား၊ နွန်ပရူး၊ လမ်ချဘန် နှင့် ဘိုဝင်း ရဲစခန်းနယ်မြေများအတွင်း အနည်းဆုံး ၇ ကြိမ်ထက်မနည်း လှည့်လည်ခိုးယူခဲ့သည်။
အာဏာပိုင်များက ၎င်းအား “ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ လိမ်လည်ခိုးယူမှု” ဖြင့် တရားစွဲဆိုထားပြီး၊ လူမှုကွန်ရက်နောက်ကွယ်မှ ဆိုင်ကယ်ပစ္စည်း အဝယ်ဒိုင်များနှင့် ကွင်းဆက်အဖွဲ့အစည်းများကို ဖော်ထုတ်ရန် ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။
Source;ชลบุรี ฮอต รีพอท นิวส์
