ထိုင်းနိုင်ငံ၊ ချွန်ပူရီပြည်နယ်တွင် မိုးများရွာသွန်းမှုကြောင့် အမှိုက်ပုံမှ အမြှုပ်ပလတ်စတစ်များ မျောပါ၊ ရွာတံတိုင်းပြိုကျမှုကြောင့် တရားမဝင်စက်ရုံဟုတ်မဟုတ် စစ်ဆေးရန် စက်မှုဝန်ကြီး အမိန့်ထုတ်

ထိုင်းနိုင်ငံ၊ ချွန်ပူရီပြည်နယ်၊Si Racha မြို့နယ်၊ Bo Win တိုက်နယ်ရှိ အမှိုက်ခွဲခြားသည့်နေရာတစ်ခုမှ အမြှုပ်ပလတ်စတစ် အမှိုက်အမြောက်အမြားသည် မိုးကြီးပြီးနောက် ရေနှင့်အတူ မျောပါကာ အနီးနားရှိ အိမ်ရာဝင်းတစ်ခု၏ အုတ်တံတိုင်းကို တွန်းဖြိုဖျက်ဆီးခဲ့မှုဖြစ်ပွားခဲ့ရာ၊ အဆိုပါနေရာသည် တရားမဝင်ဖွင့်လှစ်ထားသည့် စက်ရုံဟုတ်မဟုတ် စစ်ဆေးအရေးယူရန် စက်မှုဝန်ကြီးက ညွှန်ကြားလိုက်ပါတယ်။

ယခုဖြစ်စဉ်သည် ဇူလိုင်လ ၄ ရက် (မနေ့က) နံနက်ပိုင်းတွင် ဘိုဝင်းဒေသ၌ တစ်ညလုံး မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အိမ်ရာဝင်းဥက္ကဋ္ဌ မစ္စတာ Athit Inprasit ၏ ပြောကြားချက်အရ အိမ်ရာနောက်ဘက်ရှိ ပုဂ္ဂလိကမြေကွက်ကို နိုင်ငံခြားသားလုပ်ငန်းရှင်အချို့က ရေရှည်ငှားရမ်းကာ ရေခဲသေတ္တာနှင့် အအေးခန်းဟောင်းများကို ဖျက်ဆီးခွဲခြားသည့် အမှိုက်လုပ်ငန်း လုပ်ကိုင်နေခြင်းဖြစ်သည်။ ၎င်းတို့သည် တန်ဖိုးရှိပစ္စည်းများ ဖြုတ်ယူပြီးနောက် ကျန်ရှိသည့် အမြှုပ်ပလတ်စတစ် အမြောက်အမြားကို ပုံပုံထားခဲ့ကြသည်။

မိုးကြီးချိန်တွင် အဆိုပါ အမှိုက်များက ရေကိုစုပ်ယူပြီး အရှိန်ဖြင့် မျောပါလာကာ အိမ်ရာဝင်း၏ နောက်ဘက်အုတ်တံတိုင်းကို အင်တိုက်အားတိုက် တွန်းတိုက်မိသဖြင့် တံတိုင်းရှည်ကြီး ပြိုကျကာ ရေဆိုးနှင့် အမှိုက်များ ရွာသားများ၏ နေအိမ်များထဲသို့ လျှံဝင်ခဲ့သည်။ နေအိမ်အချို့ ပျက်စီးသွားပြီး အိမ်ထောင်စု အများအပြား ထိခိုက်ခဲ့ရသည်။

စက်မှုဝန်ကြီး ဝရာဝုတ် (Varawut Silpa-archa) က စက်မှုစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ချွန်ပူရီပြည်နယ် စက်မှုရုံးတို့ကို ၎င်းနေရာသို့ အရေးပေါ် ကွင်းဆင်းစစ်ဆေးရန် အမိန့်ပေးထားသည်။

အဆိုပါနေရာတွင် ကားမတင်စက် (Loader)၊ ဖော့ကလစ် (Forklift) စသည့် စက်ယန္တရားများ သုံးစွဲခြင်း၊ ဥပဒေအရ သတ်မှတ်ထားသည့် အလုပ်သမားဦးရေ ပြည့်မှီခြင်းနှင့် အမှိုက်ခွဲခြားခြင်း/ပြန်လည်အသုံးပြုခြင်း (Recycle) များ လုပ်ကိုင်နေပါက “စက်ရုံ” ဟု ဥပဒေအရ သတ်မှတ်မည်ဖြစ်သည်။

အကယ်၍ ခွင့်ပြုချက်မရှိဘဲ တရားမဝင် စက်ရုံထောင်ခြင်းဖြစ်ပါက စက်ရုံအက်ဥပဒေပုဒ်မ ၁၂ အရ ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၂၀၀,၀၀၀ အထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်အရေးယူသွားမည်ဖြစ်ပြီး လုပ်ငန်းကို ချက်ချင်းရပ်ဆိုင်းစေမည်ဖြစ်သည်။

လတ်တလောတွင် ဘိုဝင်းဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က အမှိုက်များကို လိုက်လံရှင်းလင်းပေးနေပြီး ရေနုတ်မြောင်းများ ဖွင့်ပေးထားကာ နစ်နာမှုများကို စစ်ဆေးတွက်ချက်နေပါတယ်။

Source;The Nation