သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မြောက်ဘက်ရှိ နီဂွန်ဘို (Negombo) အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းခွဲ နှစ်စုအကြား ဇူလိုင်လ ၅ ရက် (တနင်္ဂနွေနေ့) ညနေပိုင်းကစတင်ကာ ၂ ရက်တိုင်တိုင် ပြင်းထန်သော အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ရာ၊ ထောင်ဝါဒါ ၄ ဦး အပါအဝင် အနည်းဆုံး ၂၃ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ၅ နှစ်တာကာလအတွင်း သေဆုံးမှုအများဆုံး ထောင်တွင်းအဓိကရုဏ်း ဖြစ်လာပါတယ်။
ထောင်တွင်း မူးယစ်ဆေးဝါးလုပ်ငန်းကို ထောက်ခံသည့်အုပ်စုနှင့် ဆန့်ကျင်သည့်အုပ်စုဟူ၍ အကျဉ်းသားအချင်းချင်း ခလုတ်တိုက်ရာမှ စတင်ခဲ့သည်။
ဇူလိုင်လ ၆ ရက် (ယနေ့) တနင်္လာနေ့နံနက်ပိုင်းတွင် အကျဉ်းသားများသည် ထောင်တွင်းလက်နက်တိုက်ကို စီးနင်းကာ သေနတ်များလုယူပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။ ရန်ပွဲကိုဝင်တားသည့် ထောင်ဝါဒါ ၄ ဦးလည်း သေနတ်မှန်သေဆုံးခဲ့ရသည်။
နီဂွန်ဘိုပြည်သူ့ဆေးရုံကြီး၏ ထုတ်ပြန်ချက်အရ သေဆုံးသူ ၂၃ ဦးရှိပြီး၊ ဒဏ်ရာရသူ ၁၀၀ ကျော်တွင် သေနတ်ဒဏ်ရာ၊ ဓားခုတ်ဒဏ်ရာနှင့် ပြင်းထန်စွာ ရိုက်နှက်ခံရသည့် ဒဏ်ရာများ ပါဝင်သည်။ စိုးရိမ်ရသူများကို ကိုလံဘိုအမျိုးသားဆေးရုံသို့ လွှဲပြောင်းပေးထားသည်။
အမျိုးသားထောင်အတွင်း မီးကုန်ယမ်းကုန် ဖြစ်ပွားနေစဉ် ဘေးချင်းကပ် အမျိုးသမီးထောင်ရှိ အကျဉ်းသူများကလည်း လွှတ်ပေးရန်တောင်းဆိုကာ ထောင်အမိုးပေါ်တက် ဆန္ဒပြခဲ့ကြရာ အမိုးပြိုကျပြီး အမျိုးသမီးအချို့ ဒဏ်ရာရခဲ့သည်။
လတ်တလောတွင် သီရိလင်္ကာလေတပ်က ဒရုန်းများနှင့် ရဟတ်ယာဉ်များသုံး၍ ထောင်အခြေအနေကို စောင့်ကြည့်နေပြီး၊ ရဲအထူးတပ်ဖွဲ့ (ကွန်မန်ဒို) များနှင့် အဓိကရုဏ်းနှိမ်နင်းရေးအဖွဲ့များကို ထောင်အပြင်ဘက်တွင် အဆင့်မြင့်ဆုံးလုံခြုံရေးချထားသည်။ ဆူပူမှုကိုဦးဆောင်သည့် အကျဉ်းသား ၃ ဦးကို အခြားစခန်းသို့ ပြောင်းရွှေ့လိုက်ပြီဖြစ်သည်။
တရားရေးဝန်ကြီး ဟာရှာနာ (Harshana Nanayakkara) က ယခုဖြစ်စဉ်ကို အရေးပေါ်အစီရင်ခံစာတင်ရန် ညွှန်ကြားထားပြီး စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ် ဖွဲ့စည်းထားသည်။
သီရိလင်္ကာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် လက်ရှိ၌ အကျဉ်းသား ၄၁,၂၅၀ ဦးအထိ ရှိနေပြီး၊ ၎င်းပမာဏမှာ ထောင်ကဆံ့သည့်ဆံ့ငြိမ်ထက် ၄ ဆခန့် ပိုမိုများပြားနေခြင်း ကြောင့် ယခုကဲ့သို့ ထောင်တွင်းအကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရပါတယ်။
Source;Thairath
#Mingalarnews #SriLankaPrisonRiot2026 #NegomboPrisonClash #DrugGangViolence #Globalnews
