ထိုင်းနိုင်ငံ၊ ဖက်ချာပူရီ (Phetchaburi) ပြည်နယ်ရှိ ဒွန်ယိုင်ထောင် ရှေးဟောင်းသုတေသနနယ်မြေသစ်တွင် အသက် ၂,၀၀၀ ခန့်ရှိပြီဖြစ်သော ရှေးဟောင်းရွှေလက်စွပ် နှစ်ကွင်းကို လူသေအရိုးစုများနှင့်အတူ တူးဖော်တွေ့ရှိခဲ့ကြောင်း ထိုင်းအစိုးရ၏ အနုပညာဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
တွေ့ရှိရသည့် ရွှေလက်စွပ်တစ်ကွင်းပေါ်တွင် ရှေးဟောင်းအိန္ဒိယစာအရေးအသားစနစ်ဖြစ်သော “ဗြာဟ္မီအက္ခရာ” (Brahmi script) ဖြင့် ထွင်းထုထားသည်။ ၎င်းစာတန်းမှာ “ဖုသျှနက္ခတ်၏ စောင့်ရှောက်မှုကို ခံရသူ” ဟု အဓိပ္ပာယ်ရပြီး အိန္ဒိယနက္ခတ်ဗေဒင်တွင် အလွန်မင်္ဂလာရှိသော သင်္ကေတဖြစ်သည်။
ကျွမ်းကျင်သူများက ဤလက်စွပ်ပိုင်ရှင်သည် ရှေးခေတ်အိန္ဒိယ ကုန်သည်မျိုးနွယ် (Vaishyas) မှ ကုန်သည်တစ်ဦး ဖြစ်နိုင်သည်ဟု ယူဆကြပြီး ကျန်တစ်ကွင်းမှာ ပန်းပုံစံမပါသည့် ရွှေကွင်းအပြောင်ဖြစ်သည်။
ယခုနှစ်ဆန်းပိုင်းက လယ်ကွင်းထဲတွင် ကြေးဖားစည်အိုးများတွေ့ရာမှ စတင်တူးဖော်ခဲ့ခြင်းဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်း ၁,၅၀၀ မှ ၂,၅၀၀ ဝန်းကျင် (သံခေတ်) က အထက်တန်းစားများ၏ သချိုင်းမြေဖြစ်ကြောင်း သိရသည်။ တူးဖော်ရရှိသည့် ပစ္စည်းများကို ပြည်သူများလေ့လာနိုင်ရန် မကြာမီ ပြသသွားမည်ဖြစ်သည်။
Source;ThaiPBS
