၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက် (ယနေ့) နံနက် ၁၁:၃၀ နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ ရနောင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် မြန်မာအာဏာပိုင်များ ပူးပေါင်းကာ ရနောင်းပြည်နယ်အတွင်း ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၁၁၂ ဦးကို ရနောင်း-ကော့သောင်း ရေလမ်းကြောင်းမှတစ်ဆင့် နေရပ်မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ပါတယ်။
အဆိုပါ နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်တွင် ရနောင်းပြည်နယ် လဝကစစ်ဆေးရေးမှူး ရဲမှူး Maj. Yutitham Phansa-ard ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးအောင်စိုးသန်းနှင့် ရွှေ့ပြောင်းလုပ်သားများအား နေရပ်ပြန်လည်တွန်းအားပေးပို့ဆောင်ရေး ကော်မတီဝင် ဌာနဆိုင်ရာ ၉ ခုမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ကာ သက်သေအဖြစ် ပူးတွဲကြီးကြပ်ခဲ့ကြသည်။
ယနေ့ လွှဲပြောင်းပေးခဲ့သည့် မြန်မာနိုင်ငံသား ၁၁၂ ဦးတွင် အမျိုးသား ၈၇ ဦးနှင့် အမျိုးသမီး ၂၅ ဦး ပါဝင်သည်။
၎င်းတို့အား ရနောင်းမြို့ရှိ အကောက်ခွန်ဆိပ်ကမ်း မှတစ်ဆင့် ရနောင်း-ကော့သောင်း ရေလမ်းကြောင်းအတိုင်း စက်လှေများဖြင့် ကော့သောင်းမြို့ဘက်သို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
Source; ตรวจคนเข้าเมืองจังหวัดระนอง ตม.จว.ระนอง
