မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံထုတ် အေးခဲသီးနှံများနှင့် အခြားကုန်ပစ္စည်းအချို့ တင်သွင်းမှုကို ခေတ္တဆိုင်းငံ့လိုက်ခြင်းကြောင့် စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ချင်းရိုင်ခရိုင် မယ်ဆိုင် (Mae Sai) နှင့် မြန်မာနိုင်ငံ တာချီလိတ် (Tachileik) နယ်စပ်တံတားပေါ်၌ ကုန်သည်များနှင့် ကျောင်းကြို/ပို့ မော်တော်ယာဉ်များ အလွန်အမင်း တိုးဝှေ့ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီး တာချီလိတ်မြို့တွင် ကြက်ဥတစ်လုံးလျှင် ၁၅ ဘတ်အထိ ဈေးနှုန်းများ ထောက်တက်သွားခဲ့ပါတယ်။
နံနက် ၆ နာရီ နယ်စပ်ဂိတ်စဖွင့်ချိန်တွင် ထိုင်းနှင့် မြန်မာ ကုန်သည်များသည် တာချီလိတ်ဈေးကွက်သို့ တင်ပို့မည့် သားငါး၊ ဟင်းသီးဟင်းရွက်နှင့် အေးခဲသီးနှံများကို တင်ဆောင်၍ ပုံမှန်အတိုင်း ထွက်ခွာလာကြသော်လည်း နံနက် ၇ နာရီခန့်တွင် စိုင်းမြစ်ကူး ပထမတံတားပေါ်၌ ယာဉ်ကြောနှင့် လူကြောများ ပိတ်ဆို့သွားခဲ့သည်။ တစ်နိုင်တစ်ပိုင် ကုန်သည်များမှာ ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် မရတော့သဖြင့် တံတားပေါ်တွင် လှည်းများနှင့် ရပ်တန့်စောင့်ဆိုင်းခဲ့ရာ တာချီလိတ်မှ ကျောင်းသူ/သားများကို လာရောက်ကြိုသည့် မီနီဘတ်စ်ကားများပါ ပိတ်မိခဲ့သည်။
ထိန်းချုပ်ထားသော အေးခဲသီးနှံနှင့် အခြားကုန်ပစ္စည်းများသည် သတ်မှတ်ထားသည့် စံချိန်စံညွှန်း စစ်ဆေးချက်များ မအောင်မြင်ခြင်းနှင့် သက်ဆိုင်ရာ အခွန်အခများ မှန်ကန်စွာ ပေးဆောင်ထားခြင်း မရှိခြင်းတို့ကြောင့် မြန်မာအာဏာပိုင်များက ခေတ္တ တင်သွင်းခွင့် ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ ကုန်သွယ်ရေး လမ်းကြောင်း အခက်အခဲ ဖြစ်ပေါ်မှုကြောင့် နယ်စပ်ဖြတ်ကျော် ကုန်သယ်ယူစရိတ်များ မြင့်တက်သွားပြီး တာချီလိတ်မြို့တွင်း၌ ကြက်ဥတစ်လုံးလျှင် ၁၅ ဘတ်အထိ ရုတ်တရက် ဈေးနှုန်းများ ထောက်တက်သွားခဲ့သည်။
ယာဉ်ကြော ပိတ်ဆို့မှု ပိုမိုဆိုးရွားမလာစေရန် ထိုင်းတာဝန်ရှိသူများက ကွင်းဆင်းညှိနှိုင်းပေးခဲ့ပြီး ကုန်သည်များအနေဖြင့် တံတားပေါ်၌ ကုန်ပစ္စည်း အတင်/အဒေါင်း ပြုလုပ်ခြင်းကို နံနက် ၆ နာရီမှ ၉ နာရီအတွင်းသာ အကန့်အသတ်ဖြင့် ဆောင်ရွက်ကြရန် အကြောင်းကြားထားသည်။
Source;The Nation
