လာမည့် ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ချွန်ပူရီပြည်နယ်၊ ပတ္တရားမြို့ရှိ Wisdom Valley တွင် ကျင်းပမည့် ကမ္ဘာကျော် “Tomorrowland Thailand 2026” EDM ဂီတပွဲတော်ကြီးကြောင့် ထိုင်းနိုင်ငံအတွင်း ဘတ် ၂၁ ဒသမ ၃ ဘီလီယံကျော် ငွေကြေးလည်ပတ်စီးဝင်မည်ဖြစ်ကြောင်း ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
တစ်ရက်လျှင် လူဦးရေ ၅၀,၀၀၀ နှုန်းဖြင့် ၃ ရက်စာ စုစုပေါင်း လက်မှတ်အစောင်ရေ ၁၅၀,၀၀၀ လုံး အားလုံး ရောင်းချပြီးဖြစ်သည်။ ရရှိမည့် အခွန်ဝင်ငွေမှာ ဘတ် ၁ ဒသမ ၄ ဘီလီယံ ဖြစ်ပြီး အလုပ်အကိုင်သစ်ပေါင်း ၂၁,၃၈၆ နေရာ ဖန်တီးပေးနိုင်သည်။
လက်မှတ်ဝယ်ယူသူများ၏ ၈၅ ရာခိုင်နှုန်းမှာ နိုင်ငံခြားသားများဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ ဩစတြေးလျ၊ ဥရောပနှင့် အမေရိကန်တို့မှ ဖြစ်သည်။ ခရီးသည်အများစုသည် ထိုင်းနိုင်ငံတွင် ၁ ပတ်မှ ၂ ပတ်အထိ ကြာမြင့်စွာ နေထိုင်လည်ပတ်မည့် အသုံးစရိတ်မြင့်မားသူများ ဖြစ်ကြသည်။
ပွဲကျင်းပမည့်နေရာ ပြင်ဆင်မှုမှာ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး အစိုးရက လမ်းပန်းဆက်သွယ်ရေး၊ ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးနှင့် Shuttle Bus ပြေးဆွဲမှုများကို စနစ်တကျ စီမံထားသည်။ ထို့ပြင် ဤပွဲသည် ထိုင်း BOI ၏ အထူးအခွင့်အရေးများကိုလည်း ရရှိထားသည်။
Source;ThaiPBs
