ထိုင်းနိုင်ငံ၊ သုဖန်ပူရီ (Suphanburi) ပြည်နယ်၊ ဒွန်ချေဒီ (Don Chedi) မြို့နယ်ရှိ ကျေးရွာတစ်ခုတွင် တရားမဝင် ဖွင့်လှစ်ထားသည့် မီးရှူးမီးပန်းနှင့် ယမ်းစိမ်းထုပ်ပိုးသည့်နေရာတစ်ခု ဓာတ်အားပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အိမ်ရှင်အမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။
ပေါက်ကွဲမှုသည် အိမ်တစ်အိမ်၏ နောက်ဖေးဘက်တွင် တရားမဝင် တွဲဖက်ဆောက်လုပ်ထားသည့် မီးရှူးမီးပန်း ထုပ်ပိုးရာနေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုဒဏ်ကြောင့် အမိုးများ လွင့်စင်ကာ အဆောက်အအုံတစ်ခုလုံး ပြိုပျက်ပျက်စီးသွားခဲ့သည်။ အိမ်ရှင်အမျိုးသားမှာ ဒဏ်ရာပြင်းထန်သဖြင့် ကယ်ဆယ်ရေးအဖွဲ့က ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။
မီတာ ၁၀၀ ခန့်အကွာရှိ CCTV ကင်မရာတွင် ပေါက်ကွဲသံကို အကျယ်ကြီး ကြားရပြီး မြေပြင်နှင့် အနီးနားရှိ အိမ်ခေါင်မိုးများပါ တုန်ခါသွားခဲ့သဖြင့် ရွာသားများ ထိတ်လန့်တုန်လှုပ်ခဲ့ကြသည်။ ဒေသခံများ၏ ပြောပြချက်အရ အဆိုပါအိမ်သည် ယခင်ကလည်း မီးရှူးမီးပန်းလုပ်ငန်း လုပ်ကိုင်ခဲ့သဖြင့် အာဏာပိုင်များက အပြီးပိတ်ခိုင်းထားသော်လည်း နာရေးကူညီမှုပွဲများအတွက် ရည်ရွယ်ကာ ယမ်းအလွှာများစွာပါသည့် ယမ်းလုံးကြီးများကို တရားမဝင် ခိုးကြောင်ခိုးဝှက် ဆက်လက်ထုတ်လုပ်နေခြင်း ဖြစ်သည်။
မှုခင်းဆရာဝန်များနှင့် သုဖန်ပူရီရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ အဆိုပါနေရာသည် မီးရှူးမီးပန်း ထုတ်လုပ်ခြင်း သို့မဟုတ် သိုလှောင်ထုပ်ပိုးခြင်းအတွက် မည်သည့်တရားဝင်လိုင်စင်မျှ လျှောက်ထားခြင်းမရှိဘဲ ဥပဒေမဲ့ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း အတည်ပြုထားသည်။
ရွာသားများကလည်း ရွာထဲတွင် ယခုလို တရားမဝင်ယမ်းချက်သည့်နေရာများစွာ ကျန်ရှိနေသေးသဖြင့် အာဏာပိုင်များအနေဖြင့် ပြည်သူ့လုံခြုံရေးအတွက် ထိရောက်ပြတ်သားစွာ အရေးယူပေးရန် တောင်းဆိုထားကြပြီး ရဲတပ်ဖွဲ့ကလည်း သက်သေများစုဆောင်းကာ ဒဏ်ရာရအိမ်ရှင်ကို ဥပဒေအရ အပြစ်ပေးရန် ဆောင်ရွက်နေပါတယ်။
Source;Thairath
