ထိုင်းနိုင်ငံသားခံယူရန် တရုတ်မွေးကင်းစကလေးများကို ထိုင်းအဖေအတုဖြင့် သားဖွားလက်မှတ်ပြုလုပ်ပေးသည့် ဂိုဏ်းကို ဖမ်းဆီး

ထိုင်းနိုင်ငံသားဖြစ်ခွင့် ရရှိစေရန်အတွက် ထိုင်းနိုင်ငံတွင် လာရောက်မွေးဖွားသည့် တရုတ်နိုင်ငံသား အမျိုးသမီးများ၏ ကလေးများကို ထိုင်းအမျိုးသားများနှင့် မှားယွင်းစွာ သားအဖတော်စပ်ပေးပြီး တရားမဝင် သားဖွားလက်မှတ် ပြုလုပ်ပေးနေသည့် ဂိုဏ်းကြီးတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က “ထော့ကလက်မန်ဂွန်” (နဂါးအကြေးခွံခွာခြင်း) စစ်ဆင်ရေးဖြင့် ဇူလိုင် ၉ ရက် (ယနေ့) တွင် ဝင်ရောက်စီးနင်းကာ ဆေးရုံမှတ်တမ်းအရာရှိတစ်ဦးနှင့် ခရိုင်ရုံးအရာရှိတစ်ဦးတို့ကို ဖမ်းဆီးလိုက်ပါတယ်။

ဤဂိုဏ်းသည် တရုတ်အမျိုးသမီးများကို ထိုင်းနိုင်ငံသို့ ခေါ်ယူကာ ကလေးမွေးဖွားစေပြီး၊ ကလေးက ထိုင်းနိုင်ငံသားအဖြစ် ကူးပြောင်းခွင့်ရရှိရန်အတွက် ထိုင်းအမျိုးသားများကို ငွေပေးကာ ဖခင်အတုအဖြစ် အသုံးပြုကာ သားဖွားလက်မှတ် လျှောက်ထားပေးခြင်းဖြစ်သည်။

သုံးဘူရီ (Thonburi) ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ ဆေးဘက်ဆိုင်ရာ မှတ်တမ်းအရာရှိ အမျိုးသမီး မစ္စ အက်စ် (Ms. S) သည် တရုတ်ဖောက်သည်များအတွက် ပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့သည်။ သူမသည် ဆေးရုံတက်မွေးဖွားခ ထိုင်းဘတ် ၇၀,၀၀၀ အပြင်၊ စာရွက်စာတမ်းနှင့် ဖခင်မှတ်တမ်းများ ပြင်ဆင်ညှိနှိုင်းပေးခအဖြစ် တစ်ကြိမ်လျှင် ဘတ် ၂၀,၀၀၀ သီးသန့် ရယူခဲ့ပြီး ယခုလုပ်ငန်းကို လုပ်ကိုင်လာသည်မှာ ၅ နှစ်ကျော်ပြီဖြစ်သည်။

ဆေးရုံမှတ်တမ်းများကို ပြန်လည်စစ်ဆေးရာတွင် တရုတ်အမျိုးသမီးများက ထိုင်းအဖေအတုများဖြင့် ကလေးမွေးဖွားမှတ်ပုံတင်ထားသည့် အမှုပေါင်း ၁၆၄ မှုအထိ တွေ့ရှိခဲ့ရသည်။ ၎င်းမှတ်တမ်းများတွင် ကလေးမမွေးဖွားမီ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (Antenatal History) သမိုင်းကြောင်း၌ ထိုင်းဖခင်နှင့် ပတ်သက်မှု လုံးဝမရှိဘဲ၊ ကလေးမွေးပြီး ဆေးရုံက သားဖွားလက်မှတ်ထုတ်ပေးခါနီးမှသာ ဖခင်အတုအမည်များ ရုတ်တရက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ရဲချုပ်ရုံးမှ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆမ်ရမ် (Pol. Gen. Samran Nualma) နှင့် အဖွဲ့သည် အစိုးရဝန်ထမ်းဖြစ်လျက်နှင့် မိမိ၏တာဝန်ကို အလွဲသုံးစားလုပ်ခြင်း၊ မမှန်မကန် လုပ်ဆောင်ခြင်း သို့မဟုတ် တရားမဝင် လာဘ်ပေးလာဘ်ယူမှုများဖြင့် ဝရမ်းထုတ်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဖမ်းဆီးရမိသည့် သံသယရှိသူများကို မက်ထရိုပိုလစ်တန် ရဲတပ်ဖွဲ့တိုင်းစစ်ဌာနချုပ် ၈ သို့ ခေါ်ဆောင်ကာ ကွင်းဆက်များကို ဆက်လက်စစ်ဆေးမေးမြန်းနေပါတယ်။

Source;The Nation