တက္ကဆက်ပြည်နယ်၊ အာလင်တန်ရှိ AT&T ကွင်းကြီးတွင် အင်္ဂါနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပြင်သစ်အသင်းသည် စပိန်အသင်းကို ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆု မျှော်လင့်ချက် ပြီးဆုံးသွားခဲ့ရပါတယ်။ အဆိုပါ ပွဲစဉ်ရှုံးနိမ့်မှုကြောင့် ပြင်သစ်နိုင်ငံအတွင်း ရုန်းရင်းဆန်ခတ် အဓိကရုဏ်းများပါ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
စပိန် (La Roja) အသင်းသည် ပထမပိုင်းတွင် ရရှိခဲ့သည့် ပင်နယ်တီအပါအဝင် ပွဲအတွင်း ၂ ဂိုးသွင်းယူကာ ကောင်းမွန်တည်ငြိမ်သော ကစားကွက်ဖြင့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ တက်လှမ်းသွားနိုင်ခဲ့သည်။
ပြင်သစ်အသင်းသည် Kylian Mbappé ကဲ့သို့ တိုက်စစ်ကြယ်ပွင့်များ ရှိနေသော်လည်း တိုက်စစ်ပိုင်း ချိတ်ဆက်မှု အားနည်းချက်များကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။
ပြင်သစ်အသင်းခေါင်းဆောင် အမ်ဘာပေက စပိန်အသင်း၏ ကွင်းလယ်ပိုင်းကို ကစားကွက်ဖော်ရန် လွတ်လပ်ခွင့် အလွန်အကျွံ ပေးမိခဲ့ကြောင်းနှင့် အသင်းခေါင်းဆောင်တစ်ဦးအနေဖြင့် ဤရှုံးနိမ့်မှုအတွက် တာဝန်အားလုံးကို ယူကာ ဝေဖန်မှုများကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပွဲအပြီးတွင် ဝန်ခံပြောကြားခဲ့သည်။
ပွဲပြီးဆုံးပြီးနောက် ပြင်သစ်နိုင်ငံအတွင်း မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ပြီး မြို့တော်၏ နေရာအချို့ရှိ လမ်းမများပေါ်တွင် ရုန်းရင်းဆန်ခတ် အခြေအနေများနှင့်အတူ အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ၎င်းဗီဒီယိုဖိုင်များသည် လူမှုကွန်ရက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လျက်ရှိသည်။
နယူးဂျာစီတွင် ကျင်းပမည့် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်မရတော့သည့် နည်းပြ Didier Deschamps ၏ ပြင်သစ်အသင်းသည် လာမည့် ဇူလိုင်လ ၁၈ ရက် (စနေနေ့) တွင် ကျင်းပမည့် တတိယနေရာဗိုလ်လုပွဲ အတွက် အမြန်ဆုံးပြန်လည်ပြင်ဆင်ရတော့မည်ဖြစ်သည်။ ထိုပွဲတွင် ၎င်းတို့သည် ဒုတိယဆီမီးဖိုင်နယ်ပွဲစဉ်မှ ရှုံးနိမ့်လာမည့်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
Source;TOI
