အမေရိကန်နိုင်ငံ၏ နာမည်ကြီးစွမ်းရည်ပြိုင်ပွဲ America’s Got Talent (AGT) တွင် ဂစ်တာတစ်လက်၊ အသံပါဝါကောင်းကောင်းဖြင့် သီဆိုဖျော်ဖြေပြီး ဒိုင်လူကြီး ၄ ဦးစလုံး၏ တညီတညွတ်တည်း ထောက်ခံမှုကို ရယူနိုင်ခဲ့သည့် ဖူးခက် (Phuket) ပြည်နယ်မှ အသက် ၁၆ နှစ်အရွယ် အဆိုတော်မလေး Nene Royal – Rattikarn Amloy ၏ နိုင်ငံတကာအောင်မြင်မှုကို ထိုင်းအစိုးရက တရားဝင်အသိအမှတ်ပြု ဂုဏ်ပြုလိုက်ပါတယ်။
လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနသည် ၎င်း၏ဖူးခက်ပြည်နယ်ရုံးခွဲအား Nene Royal ထံ သွားရောက်ကာ ဂုဏ်ပြုပန်းစည်း ပေးအပ်ရန် ညွှန်ကြားခဲ့သည်။
ထို့ပြင် နှစ်စဉ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် အမျိုးသားလူငယ်များနေ့ (National Youth Day) တွင် ၎င်းအား အခြားသူများကို စိတ်အားတက်ကြွစေသည့် “စံပြလူငယ်” ဂုဏ်ထူးဆောင်တံဆိပ်ပြား ပေးအပ်ချီးမြှင့်ရန်လည်း ဝန်ကြီးဌာနက ထည့်သွင်းစဉ်းစားလျက်ရှိသည်။
အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ Patdarasm Thongsaluaykorn က အစိုးရအနေဖြင့် လူငယ်များ၏ ပါရမီနှင့် စွမ်းရည်များကို နိုင်ငံတကာစင်မြင့်ထက်အထိ တက်လှမ်းနိုင်ရန် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကလေးသူငယ်နှင့် လူငယ်ဦးစီးဌာနသည် လူငယ်များအား နည်းပညာ၊ ဖန်တီးနိုင်စွမ်းနှင့် ၂၁ ရာစုဆိုင်ရာ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် “ကလေးသူငယ်နှင့် လူငယ်ကောင်စီစနစ်”ကို ပိုမိုကျယ်ပြန့်ကောင်းမွန်သော ဖွဲ့စည်းပုံဖြစ်လာစေရန် ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။
Source;NBTWorld
