ထိုင်းနိုင်ငံ၊ စမုဆာခွန် (Samut Sakhon) ခရိုင်အတွင်း ဘတ် သန်း ၁၀၀ ကျော်တန်ဖိုးရှိ ချောင်းဆိုးပျောက်ဆေး အတုထုတ်လုပ်သည့် စက်ရုံ ၂ ခုကို ရဲတပ်ဖွဲ့နှင့် FDA တို့ ပူးပေါင်းဝင်ရောက်စီးနင်းခဲ့ပြီး နောက်ကွယ်မှ မဟာငွေကြေးရှင်အား အရေးပေါ် လိုက်လံဖမ်းဆီးနေကြောင်း သိရပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့က စမုတ်ဆာခွန်မြို့နယ်၊ နာခုတ် (Na Khok) တိုက်နယ်ရှိ လယ်ကွင်းများအတွင်း သီးခြားဆောက်လုပ်ထားသော စက်ရုံနှင့် ဂိုဒေါင် ၂ ခုကို စီးနင်းခဲ့ခြင်းဖြစ်သည်။
ဆေးဘူးပုလင်းသွပ်နေသည့် အလုပ်သမား ၉ ဦးနှင့်အတူ ဆေးဝါးများပါသည့် ပီပါ ၁၀၀ ကျော်၊ စက်ပစ္စည်းများ၊ တံဆိပ်အတု ပြုလုပ်ထားသော ပုလင်းဖုံးနှင့် လေဘယ်လ်စတေကာ အများအပြားကို သိမ်းဆည်းရမိခဲ့သည်။
ပထမနေရာနှင့် ၁၆ ကီလိုမီတာခန့် ကွာဝေးသော လယ်ကွင်းထဲမှ ဂိုဒေါင်ဖြစ်ပြီး ဆေးပုလင်း ၁၀,၀၀၀ ခန့် ထုတ်လုပ်နိုင်သည့် ပေါင်းအိုး ၁၀ အိုးနှင့် ဆေးစပ်ရန် စောင့်ဆိုင်းနေသော ပီပါ ၂၀၀ ကျော်ကို တွေ့ရှိခဲ့ရသည်။
အဆိုပါ ဆေးအတု ထုတ်လုပ်သည့် ကွန်ရက်သည် လွန်ခဲ့သည့် ၁ နှစ်မှ ၂ နှစ်ခန့်ကတည်းက စတင်ခဲ့ပြီး တစ်နိုင်ငံလုံးသို့ လျှို့ဝှက်ဖြန့်ဖြူးခဲ့ကြောင်း FDA နှင့် ရဲတပ်ဖွဲ့က ပြောကြားသည်။ လက်ရှိတွင် တွေ့ရှိခဲ့သည့် အလုပ်သမား ၉ ဦးကို စစ်ဆေးမေးမြန်းနေပြီး၊ နောက်ကွယ်မှ ငွေကြေးစိုက်ထုတ်သူ မဟာငွေကြေးရှင်အား အမြန်ဆုံး ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့က စုံစမ်းဆောင်ရွက်လျက်ရှိသည်။
Source;The Nation
