အမေရိကန်နှင့် အီရန်အကြား စစ်ရေးအရ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာပြီး ကမ္ဘာ့ရေနံကုန်သွယ်မှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ၏ လုံခြုံရေးအပေါ် စိုးရိမ်မှုများ မြင့်တက်လာခြင်းကြောင့် ဇူလိုင် ၂၀ ရက် (တနင်္လာနေ့) တွင် ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများ သိသိသာသာ ထိုးတက်သွားပါတယ်ဗျာ။
နိုင်ငံတကာ စံပြရည်ညွှန်း ဘရန့်ရေနံစိမ်း (Brent crude) စျေးနှုန်းသည် ၃.၀၅% မြင့်တက်ကာ တစ်ဘာရယ်လျှင် ၉၀.၇၉ ဒေါ်လာ သို့ ရောက်ရှိခဲ့ပြီး၊ ဇွန်လ ၁၁ ရက်နောက်ပိုင်း အမြင့်ဆုံးစံချိန် ဖြစ်လာသည်။ အလားတူ အမေရိကန် အနောက်တက္ကဆက် ရေနံစိမ်း (WTI) စျေးနှုန်းသည်လည်း ၂.၆၅% မြင့်တက်ကာ တစ်ဘာရယ်လျှင် ၈၄.၆၈ ဒေါ်လာ သို့ ရောက်ရှိခဲ့သည်။
အမေရိကန်စစ်တပ်သည် အီရန်အပေါ် ၉ ညမြောက်အဖြစ် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ မဟာမိတ် ကူဝိတ်နှင့် ဘာရိန်းတို့ကလည်း အီရန်၏ တိုက်ခိုက်မှုများကို ခံရကြောင်း ဆိုသည်။ အမေရိကန်က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားသလို၊ အီရန်ကလည်း ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများကို ပစ်မှတ်ထားနေသည်။
ဗြိတိန်ရေကြောင်းကုန်သွယ်မှုအဖွဲ့ (UKMTO) ၏ ထုတ်ပြန်ချက်အရ ဩမန်နိုင်ငံ၊ ကွမ်ဇာမြို့အနီးတွင် ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ပင်လယ်ကွေ့အတွင်း စိုးရိမ်မှု ပိုမိုကြီးထွားလာစေသည်။
ရေကြောင်းအချက်အလက်များအရ ပဋိပက္ခကြောင့် ဇူလိုင် ၁၉ ရက် (တနင်္ဂနွေနေ့) တွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် သင်္ဘော ၄ စီးသာ ရှိခဲ့ပြီး၊ ယခင်နေ့က ၈ စီး ဖြတ်သန်းခဲ့ရာမှ ထက်ဝက်ခန့် ကျဆင်းသွားခြင်းဖြစ်သည်။ လက်ရှိ ကမ္ဘာ့ရေနံလက်ကျန်သည် ၅ နှစ်တာကာလအတွင်း အနည်းဆုံးအဆင့်သို့ ရောက်ရှိနေသည်။
ယခုကဲ့သို့ စွမ်းအင်စီးဆင်းမှု ရေရှည်ပိတ်ဆို့ခံရမည်ဆိုပါက ကမ္ဘာ့လောင်စာဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ပြီး၊ ငွေကြေးဖောင်းပွမှုဖိအား (Inflation) ကို တိုးမြင့်စေကာ အာရှဒေသတွင်း ရေနံအဓိကတင်သွင်းနေရသည့် နိုင်ငံများ၏ စီးပွားရေးကို ရိုက်ခတ်လာနိုင်ကြောင်း ပညာရှင်များက သတိပေးထားကြသည်။
Source;The Nation
