ပီရူးအလယ်ပိုင်း ငလျင်နှစ်ကြိမ်ဆက်လှုပ်မှုကြောင့် လူ ၆ ဦးသေဆုံးကာ၂၁ ဦး ဒဏ်ရာရရှိ

ပီရူးနိုင်ငံအလယ်ပိုင်း တောင်ထူထပ်သောဒေသတစ်ခုတွင် ဇူလိုင် ၁၈ ရက် (စနေနေ့ည) က ပြင်းအား ၅.၁ နှင့် ၃.၇ အဆင့်ရှိ ငလျင်နှစ်ကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ ငလျင်သည် မြို့တော်လိုင်မာ (Lima) ၏ အရှေ့ဘက် ကီလိုမီတာ ၃၀၀ ခန့်အကွာတွင်ရှိသော ဟူနင် (Junín) ဒေသ၊ ချူပါကာ (Chupaca) ပြည်နယ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပီရူးအမျိုးသားငလျင်ဗဟိုဌာန၏ တိုင်းထွာချက်အရ ပထမငလျင်သည် မြေအောက်အနက် ၂၄ ကီလိုမီတာနှင့် ဒုတိယငလျင်သည် မြေအောက်အနက် ၁၈ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ဥရောပ-မြေထဲပင်လယ်ငလျင်ဗဟိုဌာန (EMSC) ကမူ ပထမငလျင်၏ပြင်းအားကို ၅.၆ အဆင့်ရှိနိုင်ကြောင်း ကနဦးခန့်မှန်းခဲ့သည်။

ပီရူးအမျိုးသားအရပ်ဘက်ကာကွယ်ရေးဌာန (INDECI) ၏ ထုတ်ပြန်ချက်အရ ငလျင်ကြောင့် ဒေသတွင်းရှိ နေအိမ် ၄၈ လုံး လုံးဝပျက်စီးသွားခဲ့ပြီး နောက်ထပ် ၁၈ လုံးမှာလည်း ထိခိုက်ပျက်စီးခဲ့သည်။ ၎င်းဒေသရှိ နေအိမ်အများစုမှာ ရွှံ့မြေတုံး (Adobe blocks) များဖြင့် ဆောက်လုပ်ထားသည့် ရိုးရှင်းသော အဆောက်အအုံများဖြစ်သောကြောင့် ပျက်စီးမှုများပြားခဲ့ခြင်း ဖြစ်သည်။

ငလျင်ဘေးကြောင့် ဒေသခံ ပြည်သူ ၃၀၀ ခန့် ဘေးဒုက္ခကြုံတွေ့နေရပြီး ၎င်းတို့အတွက် ယာယီတဲများကို ထောက်ပံ့ပေးထားသည်။

မီးသတ်သမားများနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် ဇူလိုင် ၁၉ ရက် (တနင်္ဂနွေနေ့) နံနက်အစောပိုင်းတွင် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာပြီး ပြိုကျပျက်စီးသွားသည့် အဆောက်အအုံအပျက်အစီးများအောက်တွင် ပိတ်မိနေသူများ ရှိ၊ မရှိကို အပူတပြင်း ရှာဖွေရှင်းလင်းလျက် ရှိသည်။

ပီရူးနိုင်ငံသည် ကမ္ဘာ့ငလျင်လှုပ်ခတ်မှု၏ ၈၅ ရာခိုင်နှုန်းခန့် ဖြစ်ပွားလေ့ရှိသည့် ပစိဖိတ်မီးကွင်းဒေသ (Pacific Ring of Fire) တွင် တည်ရှိသောကြောင့် ယခုကဲ့သို့ ငလျင်အန္တရာယ်နှင့် မကြာခဏ ရင်ဆိုင်ရလေ့ရှိသည်။

Source;The Nation