နွန်ထဘူရီတွင် အရက်မူးသူမောင်းသည့် BMW နှင့် တုတ်တုတ် မျက်နှာချင်းဆိုင်တိုက်မိပြီး အဘွားအို ၂ ဦးအပါအဝင် ၃ ဦး သေဆုံး

b bb b b b b b b နွန်ထဘူရီပြည်နယ်၊ ဘန်ဘွားထောင် (Bang Bua Thong) ခရိုင်ရှိ အိမ်ရာဝင်းတစ်ခုအတွင်း ယနေ့အစောပိုင်း နံနက် ၄ နာရီ ၁၀ မိနစ်ခန့်က အရက်မူးလွန်နေသည့် အမျိုးသားတစ်ဦး မောင်းနှင်လာသော BMW ကားသည် သုံးဘီးတုတ်တုတ်ယာဉ်တစ်စီးကို မျက်နှာချင်းဆိုင် အရှိန်ပြင်းစွာ ဝင်ရောက်တိုက်မိခဲ့သဖြင့် လူ ၃ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အသက် ၈၂ နှစ်အရွယ် အဘွားအို ဒေါ်လာမိုင် (Lamai) နှင့် အသက် ၃၇ နှစ်အရွယ် တုတ်တုတ်မောင်းသူ မပရာထွန်ပွန် (Prathumporn) တို့သည် ရရှိထားသည့် ဒဏ်ရာများကြောင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြသည်။

အသက် ၇၇ နှစ်အရွယ် အခြားအဘွားအိုတစ်ဦးဖြစ်သူ ဒေါ်ဖတ်ထရာ (Phattra) ကို အရေးပေါ်နှလုံးနှိုးစက် (CPR) ဖြင့် ကယ်တင်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် ထပ်မံသေဆုံးသွားခဲ့သည်။

သေဆုံးသူ အဘွားအိုနှစ်ဦးသည် ဈေးရောင်းရန်အတွက် ဘန်ဘွားထောင်စျေးသို့ သွားရောက်ရန် ယခုတုတ်တုတ်ယာဉ်ကို နေ့စဉ် ပုံမှန်ငှားရမ်းစီးနင်းနေကျဖြစ်ကြောင်း သိရသည်။

အသက် ၃၁ နှစ်အရွယ် BMW ကားမောင်းသမားသည် ထွက်ပြေးခြင်းမရှိဘဲ အခင်းဖြစ်နေရာ၌ ရဲတပ်ဖွဲ့ကို စောင့်ဆိုင်းပူးပေါင်းခဲ့သည်။ ၎င်းက အိမ်ရာဝင်းအတွင်း မောင်းနှင်လာစဉ် တုတ်တုတ်ယာဉ်ကို မမြင်လိုက်ဘဲ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

သို့သော် ရဲတပ်ဖွဲ့က ၎င်းအား အယ်လ်ကိုဟောပမာဏ တိုင်းတာစစ်ဆေးခဲ့ရာ သွေးတွင်းအယ်လ်ကိုဟောဓာတ် ၁၅၂ မီလီဂရမ်အထိ တွေ့ရှိခဲ့ရသည်။ ၎င်းပမာဏသည် ထိုင်းနိုင်ငံဥပဒေက သတ်မှတ်ထားသည့် တရားဝင်ကန့်သတ်ချက် ၅၀ မီလီဂရမ်ထက် ၃ ဆကျော် ပိုမိုများပြားနေခြင်းဖြစ်သည်။

ကနဦး စုံစမ်းချက်များအရ တုတ်တုတ်ယာဉ်သည် လမ်းသွယ်ထဲမှ ကွေ့ထွက်လာစဉ် BMW ကားက အရှိန်အဟုန်ပြင်းစွာဖြင့် မောင်းနှင်လာပြီး တိုက်မိခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က ကားမောင်းသမားကို ဖမ်းဆီးထိန်းသိမ်းထားပြီး CCTV ကင်မရာများကို စစ်ဆေးကာ ဥပဒေအရ အရေးယူရန် ဆောင်ရွက်လျက်ရှိသည်။

Source;Khaosod