၂၀၄၆ ကမ္ဘာ့ဖလားကို ပူးတွဲကျင်းပရန် ဂျပန်ဦးဆောင်၍ ထိုင်းနှင့် စင်ကာပူ အပါအဝင် အာရှ ၇ နိုင်ငံ အဆိုပြုရန် ပြင်ဆင်

၂၀၄၆ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား (2046 FIFA World Cup) ပြိုင်ပွဲကြီးကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန်အတွက် ဂျပန်နိုင်ငံ အပါအဝင် အရှေ့အာရှနှင့် အရှေ့တောင်အာရှရှိ ၇ နိုင်ငံ ပူးပေါင်း၍ အဆိုပြုလွှာ (Joint Bid) တင်သွင်းရန် ပြင်ဆင်နေကြောင်း ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပူးတွဲကျင်းပမည့် ၇ နိုင်ငံကတော့ အရှေ့အာရှဘက်မှ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နှင့် အရှေ့တောင်အာရှမှ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူဖြစ််ပါတယ်။

အာရှ ၇ နိုင်ငံ၏ လက်ရှိ ဘောလုံးကွင်းများနှင့် လမ်းပန်းဆက်သွယ်ရေး တည်ဆောက်ထားရှိမှုအပေါ် အခြေခံ၍ စီစဉ်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ Rajamangala Stadium သည် ပွဲကြည့်ပရိသတ် ၇၀,၀၀၀ ခန့်နှင့် စင်ကာပူ National Stadium သည် ၅၅,၀၀၀ ခန့် ဆံ့ဝင်သည်။

ဗီယက်နမ်နိုင်ငံ၏ My Dinh National Stadium မှာ ပရိသတ် ၄၀,၀၀၀ ကျော်သာ ဆံ့ပြီး ကွင်း၏ အခြေအနေမှာ ဟောင်းနွမ်းယိုယွင်းနေသည့်အတွက်ကြောင့် ယခု ပူးတွဲအဆိုပြုလွှာတွင် ချန်လှပ်ခံခဲ့ရသည်။

၂၀၄၆ ကမ္ဘာ့ဖလားပြိုင်ပွဲသည် အနည်းဆုံး အသင်းပေါင်း ၄၈ သင်း အထိ တိုးမြှင့်ယှဉ်ပြိုင်မည့် ပုံစံဖြင့် ကျင်းပသွားရန် မျှော်လင့်ရပြီး အဆင့်မြင့် စတာဒီယမ်များ၊ ခိုင်မာသည့် သယ်ယူပို့ဆောင်ရေး ကွန်ရက်များနှင့် အခြေခံအဆောက်အအုံအများအပြား လိုအပ်မည်ဖြစ်သည်။

ဖီဖာ (FIFA) အနေဖြင့် ၂၀၄၆ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်ပွဲ လုပ်ငန်းစဉ်များကို ၂၀၃၁ ခုနှစ်ဝန်းကျင် တွင် စတင်သွားမည်ဟု မျှော်လင့်ရသည်။

Source;Khaosod