ထိုင်းတောင်ပိုင်း၊ နရာသီဝပ်ပြည်နယ်၊ ရငဲမြို့နယ်ရှိ Bukeh Sami စစ်ဆေးရေးဂိတ်ကို ဇူလိုင် ၂၂ ရက် ညနေပိုင်းတွင် သေနတ်သမား ၉ ဦးပါ အဖွဲ့က စက္ကန့် ၉၀ အတွင်း အလစ်အငိုက် ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့သဖြင့် ပြည်သူ့စစ် (Ranger) ၅ ဦး သေဆုံးပြီး ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ခိုက်သူ ၉ ဦးသည် ပစ်ကပ်ကားနှင့် ဆိုင်ကယ်တို့ဖြင့် ရောက်ရှိလာပြီး ကားပေါ်မှ မောင်းပြန်ရိုင်ဖယ် (M16/AK) များဖြင့် စစ်ဆေးရေးဂိတ်ရှိ ပြည်သူ့စစ်များကို စတင်ပစ်ခတ်ခဲ့သည်။ ထို့နောက် ဂိတ်နှင့် ဘန်ကာအတွင်းသို့ ဝင်ရောက်ကာ လက်နက်များနှင့် ကျည်ကာအင်္ကျီများကို လုယူခဲ့သည်။
ပြန်လည်ထွက်ခွာစဉ် မိုင်း (Pipe bomb) တစ်လုံး ဖောက်ခွဲခဲ့ပြီး ၎င်းတို့ စီးနင်းလာသည့် ပစ်ကပ်ကားကို သက်သေဖျက်ဆီးရန် မီးရှို့စွန့်ပစ်ခဲ့ကြသည်။ အခင်းဖြစ်နေရာတွင် ကျည်ခွံ ၁၀၀ ကျော် တွေ့ရှိခဲ့ရသည်။
ပြည်သူ့စစ် ၅ ဦးစလုံး စခန်း၌ပင် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရ အရပ်သား ၆ ဦးကို ဆေးရုံသို့ ပို့ဆောင်ထားသည်။
လက်ရှိတွင် ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့က နယ်မြေတစ်ခုလုံးကို ပိတ်ဆို့၍ သေနတ်သမားများအား အပြင််းအထန် လိုက်လံစုံစမ်း ရှာဖွေလျက်ရှိသည်။
Source;The Nation
