ထိုင်းနိုင်ငံ၊ ဖရာနခွန်စီအယုဒ္ဓယ (Phra Nakhon Si Ayutthaya) ခရိုင်၊ မဟာရတ် (Maha Rat) မြို့နယ်အတွင်း အဝေးပြေးလမ်းမပေါ်၌ သံသယဖြစ်ဖွယ် ဗန်း (Van) ကားတစ်စီးအား အဝေးပြေးရဲတပ်ဖွဲ့နှင့် လဝက ပူးပေါင်းအဖွဲ့တို့က နိုဝင်ဘာ ၁၀ ရက်တွင် စိစစ်တားဆီးခဲ့ရာ တရားမဝင် မြန်မာနိုင်ငံသား ၁၄ ဦးကို ယာဉ်မောင်း ထိုင်းအမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါတယ်။
ရဲတပ်ဖွဲ့သည် ကားအတွင်း ပစ္စည်းများ အလွန်အမင်း လေးလံနေသည့် ပုံစံရှိပြီး တစ်ကားလုံး အမှောင်ဖလင် ထူထပ်စွာ ကပ်ထားသော သံသယဖြစ်ဖွယ် ဗန်းကားကို တားဆီးစစ်ဆေးခဲ့ရာ ကားအတွင်း ပြည့်ကျပ်စွာ ပုန်းအောင်းလိုက်ပါလာသည့် နိုင်ငံကူးလက်မှတ် (Passport) မရှိသော တရားမဝင် မြန်မာနိုင်ငံသား ၁၄ ဦးကို စိစစ်တွေ့ရှိခဲ့သည်။
စကားပြန်မှတစ်ဆင့် စိစစ်မေးမြန်းချက်အရ မြန်မာလုပ်သားများသည် သဘာဝနယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နိုင်ရန် တစ်ဦးလျှင် ပွဲစားခ ဘတ် ၃၅,၀၀၀ စီ ပေးခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။ ယာဉ်မောင်းဖြစ်သူကလည်း တာ့ခ် (Tak) ခရိုင်မှ ရွှေ့ပြောင်းလုပ်သားများကို တင်ဆောင်ကာ ချွန်ဘူရီ (Chonburi) ခရိုင်သို့ ပို့ဆောင်ရန် တာဝန်ယူထားခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။
တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်စေရန် ဖုံးကွယ်ကူညီမှု၊ အကာအကွယ်ပေးမှု ပုဒ်မဖြင့် စွဲချက်တင်ထားသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် စွဲချက်တင်ကာ တာဝန်ရှိ ရဲစခန်းမှ စုံစမ်းစစ်ဆေးရေး အရာရှိများထံ ပို့ဆောင်၍ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။
Source;ตำรวจทางหลวง
