နခွန်ပထုန်၌ အလူမီနီယံ ကြိတ်စက်အတွင်း ပြုတ်ကျပြီး မြန်မာအမျိုးသမီး လုပ်သားတစ်ဦး သေဆုံး

ထိုင်းနိုင်ငံ၊ နခွန်ပထုန်ပြည်နယ် (Nakhon Pathom)၊ ဒွန်တူးမ်မြို့နယ် (Don Tum) ရှိ အလူမီနီယံ အဟောင်းအသစ် ပြန်လည်စက်ရုံ (Recycling Plant) တစ်ခုတွင် အလူမီနီယံကြိတ်စက် လည်ပတ်နေစဉ် မြန်မာအမျိုးသမီး လုပ်သားတစ်ဦး ကြိတ်စက်အတွင်း ပြုတ်ကျကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည့် ဝမ်းနည်းဖွယ် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဇူလိုင် ၂၂ ရက်နေ့တွင် ဒွန်တူးမ်မြို့နယ်၊ ဟွေးဒွမ် (Huai Duan) ကျေးရွာရှိ စက်ရုံ၌ မြန်မာအမျိုးသမီး လုပ်သားသည် စက်ကြိတ်ခံအထက်တွင် မတ်တပ်ရပ်၍ အလူမီနီယံစုတ်များကို စက်အတွင်းသို့ ထည့်ပေးနေစဉ် အထဲသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။
မူးဝေ၍ ပြုတ်ကျခြင်း သို့မဟုတ် စက်စင်ပေါ်ခြေချော်၍ ပြုတ်ကျခြင်းဖြစ်သည်ကို အတိအကျ မသိရသေးပေ။ အတူလုပ်ကိုင်နေသည့် မြန်မာလုပ်သားများက စက်ကို အမြန်ဆုံး ပိတ်၍ ကူညီရန် ကြိုးစားခဲ့သော်လည်း မမှီဘဲ အသက်ဆုံးပါးသွားခဲ့ရသည်။
ဒွန်တူးမ် ရဲစခန်းနှင့် စုခ်ဆာလာနုခရော့ စေတနာ့ဝန်ထမ်း အဖွဲ့တို့ ရောက်ရှိလာပြီး ရုပ်အလောင်းအား စက်အတွင်းမှ ထုတ်ယူခဲ့ကြသည်။
ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ နေရာကို စစ်ဆေး၍ သက်သေခံချက်များ ရယူထားပြီး၊ သေဆုံးရသည့် အကြောင်းရင်း အတိအကျသိရှိနိုင်ရန် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ခွဲစိတ်စစ်ဆေးရန် ပို့ဆောင်ထားသည်။ ထို့အပြင် စက်ရုံ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းများ (Safety Measures) လိုက်နာမှု ရှိမရှိကိုပါ စိစစ်သွားမည်ဖြစ်ကာ ကျန်ရစ်သူ မိသားစုထံ ဆက်သွယ်၍ နာရေးကိစ္စများ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

Source;MGR Online