ထိုင်းနိုင်ငံ၊ နွန်းထဘူရီ (Nonthaburi) ခရိုင်၊ မောင်း (Mueang) မြို့နယ်ရှိ ၃ ထပ် ဆိုင်ခန်းတွဲ အဆောက်အအုံတစ်ခုတွင် တိုင်များနှင့် နံရံများ အက်ကွဲကာ ကွန်ကရစ်တုံးများ ပြုတ်ကျလာခဲ့သဖြင့် ပြိုကျနိုင်သည့် အန္တရာယ်ကြောင့် အောက်တိုဘာ ၂ ရက် ညနေပိုင်းတွင် ဒေသခံများအား အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရပါတယ်။
တလတ်ခွမ်း (Talat Khwan) ကျေးရွာအုပ်စု၊ စွိုင် ရေဝဒီ ၁၉ လမ်း (Soi Rewadee 19) ထိပ်ရှိ ၅ ခန်းတွဲ အဆောက်အအုံတွင် ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း မောင်းနွန်းထဘူရီ ရဲစခန်းသို့ အောက်တိုဘာ ၂ ရက် ညနေ ၆:၃၀ နာရီတွင် သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေး ဝန်ထမ်းများသည် အခင်းဖြစ်ပွားရာ ဧရိယာအား လုံခြုံရေးကြိုး (Police Line) တားဆီးခဲ့ပြီး၊ အဆောက်အအုံအတွင်းရှိ ပြည်သူများအားလုံးကို အပြင်သို့ အရေးပေါ် ထွက်ခွာစေခဲ့သည်။ ထို့ပြင် Scope Eye စစ်ဆေးရေး ကိရိယာဖြင့် အဆောက်အအုံ၏ ပျက်စီးမှု အခြေအနေများကို ပဏာမ အကဲဖြတ် စစ်ဆေးခဲ့ကြသည်။
အဆိုပါ ၅ ခန်းတွဲ အဆောက်အအုံတွင် လုံခြုံရေး ကုမ္ပဏီတစ်ခုနှင့် လူနေအိမ်များ ပါဝင်ပြီး အခန်းတစ်ခန်းလျှင် လူ ၃ ဦးမှ ၄ ဦးခန့် နေထိုင်လျက်ရှိသည်။ အဆောက်အအုံ အောက်ခြေရှိ အဓိက အောက်ခံ ဒေါင်းတိုင် (Load-bearing pillar) မှာ အက်ကွဲပေါက်ကွဲသွားပြီး သံချောင်းများ အပြင်သို့ ထွက်နေသည်အထိ ထိခိုက်ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
အသက် ၅၇ နှစ်အရွယ် ဒေါ်အာရီဝမ် (Areewan) က ၎င်းသည် အဆောက်အအုံအတွင်း အလုပ်လုပ်နေစဉ် ကွန်ကရစ်စများ ကွာကျလာသည့် အသံကြားရပြီးနောက် ကျယ်လောင်သည့် အသံကြီးနှင့်အတူ နံရံများ ပိုမိုအက်ကွဲကာ ကွန်ကရစ်တုံးကြီးများ ပြုတ်ကျလာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် ၆၀ အရွယ် စီးပွားရေးလုပ်ငန်းရှင် ဦးဖုန်း (Pong) က တိုင်တစ်တိုင် ပေါက်ကွဲသွားကြောင်း လူများ အော်ဟစ်သံ ကြားရသဖြင့် သွားရောက်ကြည့်ရှုရာ ထောက်တိုင်မှာ ပြင်းထန်စွာ ပျက်စီးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဆိုသည်။ အဓိက ထောက်တိုင် ပျက်စီးသွားပါက ဘေးရှိ ၃ ထပ် ဆိုင်ခန်းတွဲများကိုပါ ဆွဲဖြိုချသွားနိုင်သဖြင့် စွိုင် ရေဝဒီ ၁၉ လမ်းအတွင်း သွားလာသူများအနေဖြင့် အဆိုပါ လမ်းကြောင်းအား ရှောင်ရှားကြရန် တိုက်တွန်းထားသည်။
အာဏာပိုင်များက အဆိုပါ ဧရိယာအား ပိတ်ဆို့ထားပြီး အင်ဂျင်နီယာ ပညာရှင်များဖြင့် အဆောက်အအုံ ကြံ့ခိုင်မှုနှင့် ဖြစ်ပွားရသည့် အကြောင်းအရင်းမှန်ကို အသေးစိတ် စစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အဆောက်အအုံ စစ်ဆေးမှုများ မပြီးမချင်း နေထိုင်သူများ ပြန်လည်ဝင်ရောက်နေထိုင်ခွင့် မရှိသေးဘဲ၊ ဘေးလွတ်ရာ အနီးအနားရှိ အခန်းများတွင် ခေတ္တ ပြောင်းရွှေ့နေထိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
Source;Thaiger
