ထိုင်း၌ တရားမဝင် Bitcoin တူးဖော်ပြီး လျှပ်စစ်ဓာတ်အား ဘတ် သန်း ၂၈၀ ဖိုး ခိုးယူသုံးစွဲသူများကို စီးနင်းဖမ်းဆီး

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) နှင့် ပြည်နယ်လျှပ်စစ်ဓာတ်အားပေးအာဏာပိုင်အဖွဲ့ (PEA) တို့ ပူးပေါင်း၍ “Operation Silent Volt” စစ်ဆင်ရေးဖြင့် စမွတ်ဆာခွန်နှင့် နခွန်ပထုန်ပြည်နယ်တို့ရှိ တရားမဝင် ဘစ်ကွိုင်တူးဖော်သည့် နေရာများကို ဝင်ရောက်စီးနင်းခဲ့ရာ ဘတ် သန်း ၂၀၀ တန်ဖိုးရှိ Cryptocurrency တူးဖော်စက် အလုံး ၁,၉၀၀ နီးပါး ကို သိမ်းဆည်းရမိခဲ့ပြီး လျှပ်စစ်ဓာတ်အား ဘတ် သန်း ၂၈၀ ကျော်ဖိုး ခိုးယူသုံးစွဲထားကြောင်း စုံစမ်းတွေ့ရှိခဲ့ရပါတယ်။

ဇူလိုင် ၂၁ ရက် (အင်္ဂါနေ့) က စမွတ်ဆာခွန်နှင့် နခွန်ပထုန်ရှိ စက်ရုံဂိုဒေါင် ၂ ခုနှင့် ရင်းနှီးမြှုပ်နှံသူများ၏ နေအိမ်/ရုံးခန်း ၅ ခု၊ စုစုပေါင်း ၇ နေရာကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ တရားမဝင် ဂိုဒေါင်များသည် လျှပ်စစ်မီတာများကို ဖြတ်ကျော်ကာ 22-kilovolt ရှိသည့် အထက်မြင့် လျှပ်စစ်ဓာတ်အားလိုင်းများမှ တိုက်ရိုက်ဂျိုက်ချိတ်ဆက်၍ ၁ နှစ်ကျော်ကြာ ခိုးယူသုံးစွဲခဲ့ကြခြင်းဖြစ်သည်။

စက်အလုံး ၂,၀၀၀ နီးပါးဖြင့် ဘစ်ကွိုင်တူးဖော်ပါက ပုံမှန်အားဖြင့် တစ်လလျှင် လျှပ်စစ်မီတာခ ဘတ် ၂၂ သန်းနီးပါး ကျသင့်မည်ဖြစ်သော်လည်း၊ ယခု အဖမ်းခံရသည့် နေရာများတွင်မူ တစ်လလျှင် မီတာခ ဘတ် ၁၀,၀၀၀ မှ ၂၅,၀၀၀ သာ ပေးဆောင်ထားသည်ကို စိစစ်တွေ့ရှိခဲ့ရသည်။

ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ် (Anutin Charnvirakul) က သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံသူများ၊ ဂိုဒေါင်ပိုင်ရှင်များနှင့် နောက်ကွယ်မှ ဦးဆောင်သူများကို ဖော်ထုတ်ဖမ်းဆီးရန် ညွှန်ကြားထားသည်။ ထို့ပြင် အကောက်ခွန်ဦးစီးဌာနကိုလည်း အဆိုပါ ဘစ်ကွိုင်တူးဖော်သည့် စက်ပစ္စည်းများကို နိုင်ငံအတွင်းသို့ မည်သို့မည်ပုံ တရားမဝင် တင်သွင်းလာသည်ကိုပါ စိစစ်ရန် အမိန့်ပေးထားသည်။

ယခုဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသည့် ဝန်ထမ်းအချို့နှင့် မသမာသူများကိုလည်း ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု DSI က အတည်ပြုပြောကြားထားသည်။

Source;Bangkok Post