ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ သာဆိုင်လုအတ္တကျေးရွာ (Tha Sai Luat) ရှိ မဲမိုးစီးတီး (Mae Moei City) ကုန်ဝယ်စင်တာဘေး သစ်တောအတွင်း တရားမဝင် ခိုးဝင်ရန် ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား ၂၀ ဦးကို ထိုင်း ရာချာမနူး အထူးတပ်ဖွဲ့ (Rachamanu Task Force) က ဇူလိုင် ၂၄ ရက် နံနက် ၈:၃၀ နာရီတွင် စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးလိုက်ပါတယ်။
ရာချာမနူး အထူးတပ်ဖွဲ့၏ တပ်ခွဲမှ စစ်သည်များသည် နယ်မြေကင်းလှည့်ခြင်းနှင့် ကင်းပုန်းဝပ် စောင့်ဆိုင်းခြင်းများ ပြုလုပ်နေစဉ် မဲမိုးစီးတီးအနီး သစ်တောအတွင်း မသင်္ကာဖွယ် လူစုတစ်စုကို တွေ့ရှိခဲ့၍ ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
စစ်ဆေးစဉ် မည်သည့် နိုင်ငံကူးလက်မှတ် (Passport) နှင့် အမှတ်အသား ကတ်ပြားမှ ပြသနိုင်ခြင်း မရှိသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၉ ဦး (စုစုပေါင်း ၂၀ ဦး) တို့ကို တွေ့ရှိခဲ့ရသည်။
လက်ရှိတွင် ထိုင်းစစ်တပ်က အဆိုပါ မြန်မာ ၂၀ ဦးအား ဥပဒေအတိုင်း အရေးယူနိုင်ရန်အတွက် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန (တက်ခ် လဝက) ထံသို့ လွှဲပြောင်းပေးအပ်ထားပြီး ဖြစ်သည်။
Source;Matichon Online
