ဇူလိုင် ၂၆ (၂၀၂၆) – ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်စီဓမ္မရတ်ပြည်နယ် (Nakhon Si Thammarat) ရှိ သမိုင်းဝင် ရှေးဟောင်း Wat Phra Mahathat Woramahawihan ဘုရားကျောင်းအား ယူနက်စကို (UNESCO) က ကမ္ဘာ့အမွေအနှစ်နေရာ (World Heritage Site) အဖြစ် တညီတညွတ်တည်း အတည်ပြု သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ ယင်းသည် ထိုင်းနိုင်ငံ၏ ၉ ခုမြောက် ကမ္ဘာ့အမွေအနှစ် ဖြစ်လာခဲ့ပြီး ထိုင်းတောင်ပိုင်းဒေသ၏ ပထမဦးဆုံးသော ယဉ်ကျေးမှုဆိုင်ရာ ကမ္ဘာ့အမွေအနှစ် လည်း ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ BEXCO စင်တာတွင် ဇူလိုင် ၁၉ ရက်မှ ၂၉ ရက်အထိ ကျင်းပလျက်ရှိသော (၄၈) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေးတွင် ထိုင်းသဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး Suchart Chomklin နှင့် ယဉ်ကျေးမှု ဝန်ကြီး Sabeeda Thaised တို့ ဦးဆောင်သော အဖွဲ့က အဆိုပြုတင်ပြခဲ့ခြင်းဖြစ်သည်။
ယခုအသိအမှတ်ပြုခံရသည့် Wat Phra Mahathat ဘုရားကျောင်းသည် ၈ ရာစုနှစ်ကတည်းက ဒေသတွင်း ဗုဒ္ဓဘာသာ ဗဟိုချက်မတစ်ခု ဖြစ်ခဲ့ပြီး၊ အရှေ့တောင်အာရှ၏ ယဉ်ကျေးမှုနှင့် အနုပညာ ဖလှယ်မှုများကို ထင်ဟပ်စေသည့် ဗိသုကာ လက်ရာမွန်တစ်ခု ဖြစ်သည်။ ထို့အပြင် “Hae Pha Khuen That” စေတီတော်အား သင်္ကန်းရိုးရိုး ရစ်ပတ်ပူဇော်ပွဲကဲ့သို့သော ရိုးရာယဉ်ကျေးမှုများ ယနေ့ထိတိုင် အသက်ဝင်ကျင့်သုံးနေသည့် Living Heritage တစ်ခုအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။
ဆယ်စုနှစ်တစ်ခုကျော် ကြိုးပမ်းခဲ့ရသည့် ယခု အောင်မြင်မှုအတွက် နခွန်စီဓမ္မရတ် ပြည်နယ်အာဏာပိုင်များနှင့် ဘုရားကျောင်းတော်တို့ ပူးပေါင်း၍ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလျက်ရှိသည်။
အမွေအနှစ်စာရင်းဝင်ရေး ဦးဆောင်ပါဝင်ခဲ့သူ ၉ ဦးအား ရဟန်းခံပေးခြင်း၊ ယူနက်စကို၏ အသိအမှတ်ပြု ကြေညာချက် ရုပ်သံအား ဘာသာပြန်ဆို၍ ပြသခြင်းနှင့် အောင်စည်အောင်မောင်းတီး၍ ကုသိုလ်တော်ပြု အခမ်းအနားများ ပါဝင်သည်။
Source;Thaiger
