ချွန်ဘူရီ၊ ဇူလိုင် ၂၇ (၂၀၂၆) – ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ် (Chonburi)၊ နောင်ယိုင်မြို့နယ် (Nong Yai)၊ Nong Suea Chang ကျေးရွာအုပ်စုရှိ စက်ရုံဝန်ထမ်း အလုပ်သမားတန်းလျားတွင် အရက်သေစာ မူးယစ်၍ စကားများရာမှ မြန်မာလုပ်သားအချင်းချင်း ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့ရာ ၁ ဦး သေဆုံးခဲ့ပြီး ကျူးလွန်သူကို အာဏာပိုင်များက အခင်းဖြစ်နေရာတွင်ပင် ချက်ချင်း ဖမ်းဆီးရမိခဲ့ပါတယ်။
ဇူလိုင် ၂၇ ရက် နံနက် ၀၀:၂၀ နာရီခန့်တွင် အဆောက်အအုံ ၁ ထပ်တွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် မျိုးမြင့်အောင် သည် အရက်အလွန်အမင်း မူးယစ်ကာ အထပ် ၂ ရှိ အသက် ၂၈ နှစ်အရွယ် ချမ်းမြေ့အောင်၏ အခန်းသို့ သွားရောက်၍ တံခါးခေါက်ခဲ့သည်။
တံခါးပွင့်လာချိန်တွင် သေဆုံးသူက “ဘာလို့ ကြည့်တာလဲ” ဟုဆိုကာ ချမ်းမြေ့အောင်၏ မျက်နှာကို ၂ ချက်၊ ၃ ချက်ခန့် စတင် ထိုးနှက်ခဲ့သည်။
ချမ်းမြေ့အောင်မှာ ခန္ဓာကိုယ် သေးငယ်သူဖြစ်ပြီး အထိုးခံရသဖြင့် အနီးရှိ ဓားကို ဆွဲယူကာ ပြန်လည် ထိုးနှက်ခဲ့ရာ မျိုးမြင့်အောင်၏ ခန္ဓာကိုယ်တွင် ဓားဒဏ်ရာ ၁ ချက်ထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာဖြင့် အဆောက်အအုံ ဘေးဘက်တွင် လဲကျ သေဆုံးသွားခဲ့သည်။
ကျူးလွန်သူ ချမ်းမြေ့အောင်သည် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လုံခြုံရေးဝန်ထမ်း (ရပဖ) ထံ သွားရောက်အကြောင်းကြား၍ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခိုင်းခဲ့သည်။ ထို့နောက် အသုံးပြုခဲ့သည့် ဓားကို အဆောင်ရှေ့ ရေကန်အတွင်းသို့ ပစ်ချခဲ့ပြီး အခင်းဖြစ်နေရာ၌ပင် ရဲတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးသည်ကို စောင့်ဆိုင်း အဖမ်းခံခဲ့သည်။
ရဲစခန်း၌ စစ်ဆေးရာတွင် ၎င်းအား သေဆုံးသူက မူးယစ်၍ လာရောက်ရန်စ ထိုးနှက်သဖြင့် ပြန်လည်ခုခံရင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။ နောင်ယိုင်မြို့မ ရဲစခန်းက ၎င်းအား “လူသတ်မှု” ပုဒ်မဖြင့် အရေးယူထားပြီး၊ သက်သေခံ ဓားကို ရှာဖွေနိုင်ရန် ရေငုပ်တပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
Source;ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี
