ယူကရိန်က ရုရှားသို့ ဒရုန်း ၁,၀၀၀ ကျော်ဖြင့် စံချိန်တင် အပြင်းအထန် တိုက်ခိုက်

ရုရှားနိုင်ငံတွင် လွှတ်တော်ရွေးကောက်ပွဲ နောက်ဆုံးနေ့ ကျင်းပနေချိန်အတွင်း ယူကရိန်တပ်ဖွဲ့များက မော်စကိုမြို့တော် အပါအဝင် ရုရှားနယ်မြေများအတွင်းသို့ ဒရုန်းပေါင်း ၁,၀၀၀ ကျော်ဖြင့် စံချိန်တင် အကြီးမားဆုံး အဝေးပစ် လေကြောင်းတိုက်ခိုက်မှုကို စက်တင်ဘာ ၂၀ ရက် (တနင်္ဂနွေနေ့) က ပြုလုပ်ခဲ့ကြောင်း သိရပါတယ်ဗျာ။

မော်စကိုမြို့တော်ဝန် Sergei Sobyanin က ယခုတိုက်ခိုက်မှုသည် မော်စကိုမြို့တော် သမိုင်းတွင် “အကြီးမားဆုံး အဝေးပစ် ဒရုန်းတိုက်ခိုက်မှု” ဖြစ်ပြီး ရွေးကောက်ပွဲကို နှောင့်ယှက်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ မော်စကိုသို့ ဦးတည်လာသည့် ဒရုန်း ၄၅၀ ခန့်ကို ပစ်ခတ်ဒေါင်းယူနိုင်ခဲ့သော်လည်း မော်စကို ရေနံချက်စက်ရုံ (Moscow Oil Refinery) နှင့် လူနေအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့သည်။

မော်စကိုဒေသအတွင်း တိုက်ခိုက်မှုကြောင့် အသက် ၇၄ နှစ်ရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၄၄ နှစ်ရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး စုစုပေါင်း ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှားနိုင်ငံတစ်ဝန်း၊ ခရိုင်းမီးယားကျွန်းဆွယ်နှင့် ပင်လယ်နက်နယ်မြေများအတွင်းမှ ယူကရိန်ဒရုန်း စုစုပေါင်း ၁,၁၁၀ စီးကို ပစ်ခတ်ဒေါင်းယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယူကရိန်သမ္မတ ဗိုလိုဒီမီယာ ဇယ်လင်းစကီးက ယခုတိုက်ခိုက်မှုတွင် ဒေသတွင်း ထုတ်လုပ်သည့် Flamingo နှင့် Pelican ဒုံးကျည်များ အပါအဝင် ဒရုန်းများစွာကို အသုံးပြု၍ ရုရှား၏ ရေနံနှင့် ထောက်ပံ့ပို့ဆောင်ရေး အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရုရှား၏ စစ်ရေးစနစ်အား ထောက်ပံ့ပေးနေသည့် ဒေါ်လာဘီလီယံပေါင်းများစွာသော စီးပွားရေးအခြေခံများကို ဖျက်ဆီးရန် ရည်ရွယ်ခြင်းဖြစ်သည်။

ရုရှားဘက်ကလည်း ပြန်လည်တိုက်ခိုက်ခဲ့ရာ ကိယက်ဗ်ဒေသတွင် ကလေးငယ် ၂ ဦးနှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ပြီး၊ ခါဆွန် (Kherson) ဒေသရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ထိမှန်ကာ ဘုန်းတော်ကြီး ၁ ပါး သေဆုံးခဲ့သည်။

ယခုတိုက်ခိုက်မှုသည် သမ္မတ ပူတင်၏ မူဝါဒများကို အတိုက်အခံမရှိ အတည်ပြုမည့် ရုရှားပါလီမန် ရွေးကောက်ပွဲ နောက်ဆုံးနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သမ္မတ ဇယ်လင်းစကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် စကားပြောဆိုခဲ့ပြီး လာမည့်သီတင်းပတ် နယူးယောက်တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ တွေ့ဆုံရန် သဘောတူညီခဲ့ကြသည်။

Source;AP