မင်ဘူရီ၌ အမှတ်တံဆိပ်တု ပစ္စည်းများ သိုလှောင်ထားသည့် ဂိုဒေါင်အား ရဲတပ်ဖွဲ့ စီးနင်း

ဘန်ကောက်၊ ဇူလိုင် ၂၉ (၂၀၂၆) – ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မင်ဘူရီမြို့နယ် (Min Buri) ရှိ ဂိုဏ်းစတိုတစ်ခုအတွင်း တရုတ်နိုင်ငံသားတစ်ဦးက တရုတ်နိုင်ငံမှ တိုက်ရိုက်တင်သွင်း၍ အွန်လိုင်းတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနေသည့် တံဆိပ်တု ပစ္စည်းပေါင်း ၃၂,၀၀၀ ကျော် ကို စီးပွားရေးပြစ်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ (ECD) က ဝင်ရောက်စီးနင်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ECD ရဲတပ်ဖွဲ့ဝင်များသည် အမှတ်တံဆိပ် ပိုင်ရှင်များနှင့် ပူးပေါင်း၍ မင်ဘူရီမြို့နယ်၊ ဆဲန်ဆဲပ် (Saen Saep) ရပ်ကွက်ရှိ လမ်းကြားအတွင်း ပုန်းကွယ်ထားသော ဂိုဏ်းစတိုတစ်ခုကို အင်္ဂါနေ့ (ဇူလိုင် ၂၈ ရက်) တွင် ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။
သိမ်းဆည်းရမိသည့် ပစ္စည်းများ (စုစုပေါင်း ၃၂,၄၇၇ ခု):
▪️ကားစက်ဆီ တံဆိပ်တု ၁,၆၀၀ ကျော်
▪️အမှတ်တံဆိပ်တု ကားရေမွှေး ၂၂,၀၀၀
▪️အသားအရေထိန်း အဆီတု (Moisturising Essences) ၇,၀၀၀
▪️Matcha အမှုန့် ၁,၂၆၀ ထုပ်
▪️ပရိုတင်းအမှုန့် တံဆိပ်တုများ
အဆိုပါ ဂိုဏ်းစတိုကို တရုတ်နိုင်ငံသား Zhu Fan ဆိုသူက လွန်ခဲ့သည့် ၃ လခန့်က ငှားရမ်းထားခြင်းဖြစ်ပြီး၊ ထိုင်းလုပ်သားများကို တစ်ရက်လျှင် ၅၀၀ ဘတ်ပေး၍ အွန်လိုင်းမှ မှာယူသူများထံ ပါဆယ်ထုတ်ပိုး စေလွှတ်ခိုင်းနေခြင်းဖြစ်သည်။
ဂျာမနီ အင်ဂျင်ဝိုင် ထုတ်လုပ်သည့် Liqui Moly ကုမ္ပဏီက ၎င်းတို့ အမှတ်တံဆိပ်တု အင်ဂျင်ဝိုင်များကို အွန်လိုင်းတွင် ဈေးပေါပေါဖြင့် ရောင်းချနေကြောင်း တိုင်ကြားရာမှတစ်ဆင့် ရဲတပ်ဖွဲ့က စုံစမ်း၍ ယခု ဂိုဏ်းစတိုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
တံဆိပ်တု စက်ဆီ/အင်ဂျင်ဝိုင်များသည် စံချိန်စံညွှန်း မမှီသဖြင့် မော်တော်ယာဉ် အင်ဂျင်များကို ပြင်းထန်စွာ ပျက်စီးစေနိုင်သည့်အပြင်၊ အရည်အသွေးမမှီသည့် အလှကုန်နှင့် စားသောက်ကုန်များတွင် အန္တရာယ်ရှိသော ဓာတုဗေဒပစ္စည်းများ ပါဝင်နိုင်သဖြင့် သုံးစွဲသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ရဲတပ်ဖွဲ့က သတိပေးထားသည်။
ရဲတပ်ဖွဲ့က တရုတ်နိုင်ငံသား လုပ်ငန်းရှင်အား အမှတ်တံဆိပ်ဆိုင်ရာ ဥပဒေဖြင့် အရေးယူ တရားစွဲဆိုသွားမည်ဖြစ်သည်။

Source;Bangkok Post