CP Group အကြီးအကဲပုံများကို AI ဖြင့် တုပ၍ ရင်းနှီးမြှုပ်နှံရန် လိမ်လည်နေမှုများအား သတိပြုကြရန် CP Group သတိပေး

ဘန်ကောက်၊ ဇူလိုင် ၃၀ (၂၀၂၆) – ထိုင်းနိုင်ငံ၏ အကြီးဆုံး စီးပွားရေး လုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Charoen Pokphand Group (CP Group) က ၎င်းတို့ ကုမ္ပဏီအကြီးအကဲများ၏ အမည်၊ ဓာတ်ပုံများနှင့် ဗီဒီယိုများကို AI နည်းပညာသုံး၍ တုပကာ ရင်းနှီးမြှုပ်နှံမှု လိမ်လည်နေခြင်းများနှင့် ပတ်သက်၍ ပြည်သူများ အထူးသတိပြုကြပါရန် ဇူလိုင် ၃၀ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
လိမ်လည်သူများသည် AI နည်းပညာကို အသုံးပြု၍ CP Group အကြီးအကဲများ၏ ဗီဒီယိုနှင့် အသံများကို အစစ်နှင့်တူအောင် ဖန်တီးထားပြီး၊ နာမည်ကြီး သတင်းဌာနပုံစံ စာမျက်နှာတုများ ပြုလုပ်ကာ ပြည်သူများ ယုံကြည်လာအောင် လှည့်ဖြားထားကြသည်။
CP Group အနေဖြင့် မည်သည့် စိုရှယ်မီဒီယာ၊ စာတိုပေးပို့သည့် အက်ပ် သို့မဟုတ် တရားဝင်မဟုတ်သော ဝဘ်ဆိုက်များမှတစ်ဆင့် အများပြည်သူထံမှ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်သည့် မူဝါဒ လုံးဝ မရှိပါ။ ယခုတွေ့ရှိရသည့် ဗီဒီယိုနှင့် သတင်းများမှာ အတုအယောင်များသာ ဖြစ်သည်။
CP Group နှင့် အကြီးအကဲများ၏ ပုံရိပ်ကို အလွဲသုံးစားပြုလုပ်၍ လိမ်လည်ခြင်း၊ အချက်အလက်တု ထုတ်လွှင့်ခြင်းနှင့် အများပြည်သူအား လိမ်လည်မှုများအတွက် သက်သေအထောက်အထားများ စုဆောင်းနေပြီး တရားမကြောင်းရော ပြစ်မှုကြောင်းပါ ပြင်းထန်းစွာ တရားစွဲဆိုသွားမည်ဖြစ်သည်။
မသင်္ကာဖွယ် လင့်ခ်များကို နှိပ်ခြင်း၊ ကိုယ်ရေးအချက်အလက် ပေးအပ်ခြင်းနှင့် ငွေလွှဲပြောင်းခြင်းများကို လုံးဝ မပြုလုပ်ကြရန်နှင့် CP Group ၏ တရားဝင် သတင်းထုတ်ပြန်ရေး စာမျက်နှာများတွင်သာ အချက်အလက်များကို အတည်ပြုကြရန် အသိပေးထားသည်။

Source;The Nation