ထရမ့်က အီရန်ကို ထပ်မံတိုက်ခိုက်မည့် အစီအစဉ်ကို ဆိုင်းငံ့ – ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရေးနှင့် နျူကလီးယား သဘောတူညီချက်ရရှိရန် မျှော်လင့်ချက် မြင့်တက်

ဝါရှင်တန်၊ ဩဂုတ် ၁ (၂၀၂၆) – အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အီရန်နိုင်ငံ၏ နျူကလီးယား လှုပ်ရှားမှုများအား ထိန်းချုပ်ရေးနှင့် စီးပွားရေးအရ အရေးပါသည့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးပွဲများ ဆောင်ရွက်ရန် အချိန်ပေးသည့်အနေဖြင့် အီရန်အပေါ် ထပ်မံတိုက်ခိုက်မည့် ခြိမ်းခြောက်မှုကို ဆိုင်းငံ့ထားမည်ဟု ပြောကြားလိုက်ပါတယ်။
အီရန်အပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငံများ၏ တောင်းဆိုချက်အရ သဘောတူညီချက် ရရှိရေးအတွက် အချိန်ပေးလိုက်ခြင်းဖြစ်ကြောင်း ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် စနေနေ့ညပိုင်းက ရေးသားခဲ့သည်။
ဟော်မုဇ် ရေလက်ကြားကို “ချက်ချင်း၊ အပြီးသတ်နှင့် အပြည့်အဝ” ပြန်လည်ဖွင့်လှစ်ရန်ဖြစ်ပြီး ဆွေးနွေးပွဲများ အမြန်ဆုံး အဆင်ပြေပါက စစ်ရေးအရ တိုက်ခိုက်မှုများကို ဆက်လက် ဆိုင်းငံ့ထားမည်ဟု ဆိုသည်။
အဆိုပါ ကတိကဝတ်တွင် အစ္စရေးနိုင်ငံလည်း ပါဝင်ကြောင်း ထရမ့်က ပြောဆိုထားသော်လည်း အစ္စရေးအစိုးရဘက်မှ တရားဝင် ထုတ်ပြန်ချက် တစ်စုံတစ်ရာ မထုတ်ပြန်သေးပေ။
အမေရိကန်က ထပ်မံတိုက်ခိုက်ပါက ပြင်းထန်စွာ လက်စားချေသွားမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi က ပါကစ္စတန်၊ တူရကီနှင့် ဆော်ဒီအာရေးဘီးယား နိုင်ငံခြားရေးဝန်ကြီးများနှင့် ဖုန်းဖြင့် ဆွေးနွေးစဉ် သတိပေးခဲ့သည်။
အမေရိကန်က အီရန်၏ စွမ်းအင် အခြေခံအဆောက်အအုံများကို တိုက်ခိုက်ပါက ဆော်ဒီ၊ ယူအေအီး၊ ကာတာနှင့် အစ္စရေးတို့၏ ရေနံနှင့် ဓာတ်ငွေ့လုပ်ကွက်များကို ပြန်လည် တိုက်ခိုက်သွားမည်ဟု အီရန်လုံခြုံရေးအဖွဲ့နှင့် နီးစပ်သော Nournews က သတိပေးထားသည်။
ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆာလမန် (MBS) သည် ထရမ့်ထံ ဖုန်းဆက်သွယ်၍ အီရန်နှင့် ပတ်သက်သည့် အမေရိကန်၏ အစီအစဉ်များကို မေးမြန်းစုံစမ်းခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက စတင်ခဲ့သည့် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြားတွင် သင်္ဘောသွားလာမှု အဟန့်အတားဖြစ်ကာ ဇူလိုင်လအတွင်း Brent ရေနံစိမ်းဈေး ၂၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်လျက်ရှိသည်။
ကူဝိတ်နိုင်ငံမြောက်ပိုင်းနှင့် ဘူဘီယန် (Bubiyan) ကျွန်းရှိ စက်ရုံ/အဆောက်အအုံအချို့ ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီး အိုမန်ကမ်းလွန်တွင်လည်း ရေနံတင်သင်္ဘောအချို့ တိုက်ခိုက်ခံခဲ့ရသဖြင့် အိုမန်နှင့် ရေနီပင်လယ် ရေကြောင်းလိုင်းများတွင် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

Source;The Nation