ဘန်ကောက််မြို့၊ ဘန်ကောက်ကြီး မြောင်းအတွင်းမှ ရှေးဟောင်း အမြောက်တစ်လက် တူးဖော်ရရှိ

ဘန်ကောက်၊ ဩဂုတ် ၅ (၂၀၂၆) – ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ တွန်ဘူရီ (Thon Buri) မြို့နယ်ရှိ ဘန်ကောက်ကြီးမြောင်း (Bangkok Yai Canal) အတွင်း နှစ်ပေါင်းများစွာ မြှုပ်နှံ ရေနစ်မြုပ်နေသည့် ရှေးဟောင်း အမြောက်တစ်လက်ကို သက်ဆိုင်ရာ အာဏာပိုင်များက တူးဖော် ဆယ်ယူနိုင်ခဲ့ပြီး သမိုင်းဝင် တန်ဖိုးနှင့် သက်တမ်းကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်ပါတယ်။

တွန်ဘူရီမြို့နယ်၊ ဟီရန်ရူချီ (Hiranruchi) ရပ်ကွက်၊ အိတ်ဆာရာဖပ် စိုးအိ ၁၇ လမ်းရှိ Wat Pradittharam (Wat Mon) ကျောင်းတိုက် ဆိပ်ခံတံတားအနီး၊ ဂျာရင်ဖတ် (Charoen Phat) တံတားအနီးမှ ဖြစ်သည်။

အမြောက်သည် အလျား ၁.၈ မီတာခန့် ရှိပြီး သံချေးများ အလွန်အမင်း တက်နေသည်။ အမြောက်ပြောင်းဝ အနည်းငယ် အက်ကွဲနေပြီး မျက်နှာပြင်ပေါ်တွင် မည်သည့် စာလုံး၊ အမှတ်အသားနှင့် နံပါတ်မျှ ရေးထိုးထားခြင်း မတွေ့ရပေ။

ဒေသခံများမှာ အဆိုပါ မြောင်းအတွင်း အမြောက်ရှိနေသည်ကို သိရှိထားသည်မှာ ကြာပြီဖြစ်သော်လည်း မဆယ်ယူနိုင်ခဲ့ဘဲ လွန်ခဲ့သော ၂ ရက်ခန့်ကမှ မြို့နယ်ကောင်စီဝင်နှင့် အုပ်ချုပ်ရေးရုံးထံ အကူအညီတောင်းခံခဲ့ရာ မြေကူးစက်များဖြင့် ဩဂုတ်လ ၅ ရက် မွန်းလွဲ ၁၁:၅၈ နာရီတွင် အောင်မြင်စွာ တူးဖော်နိုင်ခဲ့ခြင်းဖြစ်သည်။

တွန်ဘူရီ မြို့နယ် အာဏာပိုင်များသည် သက်ဆိုင်ရာ ရှေးဟောင်းသုတေသန ဌာနများနှင့် ပူးပေါင်း၍ အဆိုပါ အမြောက်၏ သက်တမ်း၊ ပြုလုပ်ခဲ့သည့် မူလဒေသနှင့် သမိုင်းဝင် တန်ဖိုးများကို အသေးစိတ် စစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။

Source;Khaosod