လုပ်ခလစာ မရသဖြင့် အလုပ်ရှင်ကို သတ်ဖြတ်ခဲ့သည့် မြန်မာလုပ်သား ၄ ဦး ဖမ်းဆီးခံရ

အဖမ်းခံရသူများမှာ စု၊ ယောင်၊ ဒမ် နှင့် ဘော့စ် အမည်ရှိ မြန်မာနိုင်ငံသား ၄ ဦးဖြစ်ပြီး၊ ၎င်းတို့အား လူသတ်မှုဖြင့် တရားစွဲဆိုထားပါတယ်။

မေလ ၁ ရက် နံနက် ၂ နာရီခန့်တွင် အလုပ်ရှင်ဖြစ်သူ အသက် ၄၉ နှစ်အရွယ်ရှိ ဦးဆွန်ချိုင်း အိပ်ပျော်နေစဉ် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။ သံသယရှိသူ ၄ ဦး၏ ထွက်ဆိုချက်အရ အလုပ်ရှင်ဖြစ်သူက လုပ်ခလစာများ ပေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့် အငြင်းပွားမှုဖြစ်ပွားရာမှ ကြိုတင်ကြံစည်ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါတယ်။

စု နှင့် ယောင် တို့က ဦးဆွန်ချိုင်းကို ဓားဖြင့် ထိုးနှက်ကာ လည်လှီးသတ်ဖြတ်ခဲ့ပြီး၊ ဒမ် နှင့် ဘော့စ် တို့က အနီးကနေ လူကြည့်ပေးခဲ့ကြပါတယ်။ ပြစ်မှုကျူးလွန်ပြီးနောက် ၎င်းတို့သည် ချင်းရိုင်ဘက်သို့ ထွက်ပြေးခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က CCTV မှတစ်ဆင့် ခြေရာခံကာ ဝပ်ရွန်ခွန်း (Wat Rong Khun) အနီးတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။

လက်ရှိတွင် ၎င်းတို့ကို မယ်ရင်ရဲစခန်းသို့ ပြန်လည်ပို့ဆောင်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

Source;Thaiger