ထိုင်းနိုင်ငံရှိ စားသောက်ဆိုင်ဝန်ထမ်းတိုင်း ထိုင်းဘာသာစကားတတ််သင့်ကြောင်း အွန်လိုင်း အငြင်းပွားစရာဖြစ်ပွား

ဘန်ကောက်၊ ဩဂုတ် ၁၂ (၂၀၂၆) – ထိုင်းနိုင်ငံရှိ စားသောက်ဆိုင်များတွင် ထိုင်းဘာသာစကားဖြင့်သာ အော်ဒါမှာယူသင့်သလားဆိုသည့် အွန်လိုင်း အငြင်းပွားဖွယ်ရာ အကြောင်းအရာသည် စားသောက်ဆိုင် ကဏ္ဍအတွင်း ရင်ဆိုင်နေရသော ထိုင်းနိုင်ငံသား လုပ်သားရှားပါးမှုပြဿနာကို ပေါ်လွင်စေခဲ့ပါတယ်။
ထိုင်းနည်းပညာဆိုင်ရာ တင်ဆက်သူ ပေါင်းဆွတ် (Pongsuk Hiranprueck) က ဘန်ကောက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်းစကားပြောနိုင်သော နိုင်ငံခြားသူ ဝန်ထမ်းတစ်ဦး၏ ဝန်ဆောင်မှုကို ရရှိခဲ့သော်လည်း အခြား ဝန်ထမ်းအများစုမှာ ထိုင်းစကား မပြောနိုင်ကြောင်း လူမှုကွန်ရက်၌ ပို့စ်ရေးသားခဲ့သည်။ X အသုံးပြုသူ အချို့ကလည်း ထိုင်းနိုင်ငံတွင် ရှိနေသဖြင့် ထိုင်းဘာသာစကားဖြင့်သာ မှာယူလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
စားသောက်ဆိုင်များ အသင်းဥက္ကဋ္ဌ ချာနွန်း (Chanon Koetcharoen) က စားသောက်ဆိုင် လုပ်ငန်းများသည် အလုပ်ပင်ပန်းသဖြင့် ထိုင်းနိုင်ငံသားများ လုပ်ကိုင်ရန် စိတ်ပါဝင်စားမှု မရှိဘဲ စိန်ခေါ်မှုကြီးမားသည့် လုပ်သားရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် အလုပ်ကြိုးစားပြီး ခံနိုင်ရည်ရှိသည့် အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းနေရခြင်းဖြစ်သည်။
စားသောက်ဆိုင် ကဏ္ဍတွင် ခန့်အပ်ထားသည့် ရွှေ့ပြောင်းလုပ်သား အများစုမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ထိုင်းစကားကို ပိုင်နိုင်စွာ ပြောဆိုနိုင်ကြသည်ဟု သိရသည်။ ဒုတိယ အများစုမှာ ဘာသာစကား ဆင်တူသည့် လာအို လုပ်သားများဖြစ်သည်။ အထူးသဖြင့် ဝန်ထမ်းအင်အား အများအပြား လိုအပ်သည့် မူကထ (Moo Krata) နှင့် ရှားဘူ (Shabu) ကဲ့သို့ ဘူဖေးဆိုင်များတွင် ရွှေ့ပြောင်းလုပ်သားများကို အများဆုံး ငှားရမ်းထားကြသည်။
အနည်းဆုံး လုပ်ခလစာ မြှင့်တင်ပေးပါက ထိုင်းလုပ်သားများ ပြန်လည် ဝင်ရောက်လာနိုင်သော်လည်း စားသောက်ဆိုင်များ၏ ကုန်ကျစရိတ် မြင့်တက်လာပြီး အစားအသောက် စျေးနှုန်းများ ပါ လိုက်လံ မြင့်တက်သွားနိုင်ကြောင်း ထောက်ပြထားသည်။
ထိုင်း စားသောက်ဆိုင်များ အသင်းဥက္ကဋ္ဌ ထနီဝမ် (Thaniwan Kulmongkol) က စားသောက်ဆိုင် ပိုင်ရှင်များအနေဖြင့် လုပ်သားများ ငှားရမ်းရာတွင် စားသုံးသူများ ဘေးကင်းရေးအတွက် အစားအသောက် ကိုင်တွယ်သူ သင်တန်းဆင်း လက်မှတ် (Food Handler Certificate) စသည့် စည်းမျဉ်းများကို တိကျစွာ လိုက်နာရန် တိုက်တွန်းထားသည်။

Source;WAG