လူသားထက် မြန်သည့် Robot များ၏ ကမ္ဘာ့ပြိုင်ပွဲကို ပေကျင်းတွင် ကျင်းပ

ဒုတိယအကြိမ်မြောက် ကမ္ဘာ့လူတူရိုဘော့ အားကစားပြိုင်ပွဲ (World Humanoid Robot Games) ကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ စတင်ကျင်းပခဲ့ရာ တရုတ်နိုင်ငံထုတ် ရိုဘော့များသည် ၁၀၀ မီတာ အပြေးပြိုင်ပွဲတွင် လူသားစံချိန်ရှင် ယူစိန်ဘို့လ် (Usain Bolt) ၏ ၉.၅၈ စက္ကန့် စံချိန်ထက် ပိုမိုမြန်ဆန်သည့် စံချိန်များ တင်နိုင်ခဲ့ကြပါတယ်။

Beijing Humanoid Robot Innovation Centre မှ ထုတ်လုပ်သည့် Tiangong Ultra ရိုဘော့သည် ၁၀၀ မီတာကို ၉.၃၉ စက္ကန့် ဖြင့် ပထမရရှိခဲ့ပြီး၊ Honor ကုမ္ပဏီထုတ် Lightning ရိုဘော့က ၉.၄၇ စက္ကန့် ဖြင့် ဒုတိယ ရရှိခဲ့သည်။ (Lightning ရိုဘော့သည် လေ့ကျင့်ရေးတွင် ၉.၃၂ စက္ကန့်အထိ အမြန်ဆုံး စံချိန်တင်ခဲ့ဖူးသည်)။

ရိုဘော့နှစ်ခုလုံးသည် လူသားစံချိန်ထက် မြန်ဆန်ခဲ့သော်လည်း အရှိန်မထိန်းနိုင်ဘဲ တိုက်မိခြင်း၊ လဲကျသွားခြင်းတို့ကြောင့် ကူညီရေးအဖွဲ့များက ထမ်းစင်ဖြင့် မကူညီမီအထိ ကြည့်ရှုသူများကို ရင်တထိတ်ထိတ် ဖြစ်စေခဲ့သည်။

ယခုနှစ် ပြိုင်ပွဲတွင် နိုင်ငံ ၁၆ နိုင်ငံမှ အသင်းပေါင်း ၆၆၆ သင်း၏ ရိုဘော့ပေါင်း ၂,၀၅၆ ခု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဘောလုံး၊ အက၊ အပြေးနှင့် စက်မှုဆိုင်ရာ ပြိုင်ပွဲအမျိုးအစားပေါင်း ၅၁ မျိုး ပါဝင်သည်။

တရုတ်နိုင်ငံသည် လူတူရိုဘော့ နည်းပညာကို ကုန်ထုတ်လုပ်မှု၊ ကုန်စည်ပို့ဆောင်ရေးနှင့် အိမ်သုံးပစ္စည်းများတွင် အသုံးပြုနိုင်ရန် မဟာဗျူဟာမြောက် မြှင့်တင်ပေးလျက်ရှိသည်။

လူသိများသည့် Unitree ရိုဘော့ကုမ္ပဏီသည် ရှန်ဟိုင်း စတော့ဈေးကွက်၌ စတင်ရောင်းချခဲ့ရာ အစုရှယ်ယာ ၅ ဆကျော် မြင့်တက်ခဲ့ပြီး ကုမ္ပဏီတန်ဖိုး ဒေါ်လာ ဘီလီယံ ၅၀ ခန့်အထိ ရှိလာခဲ့သည်။

Source;The Nation