ထိုင်းနိုင်ငံ၊ ဖရာနခွန်စီ အယုဒ္ဓယခရိုင် (Phra Nakhon Si Ayutthaya)၊ ဥထိုင်းမြို့နယ်ရှိ ရွှေ့ပြောင်း လုပ်သားစခန်းတစ်ခုအား ယနေ့ ဩဂုတ် ၂၁ ရက် နံနက် ၆ နာရီခန့်တွင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင် မြန်မာလုပ်သား ၃၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
လုပ်သားများ အလုပ်မသွားမီ စခန်းအတွင်း ရှိနေချိန်တွင် ဥထိုင်း အထူးစစ်ဆင်ရေးအဖွဲ့နှင့် ပူးပေါင်းအာဏာပိုင်များက အကြောင်းကြားချက်မရှိဘဲ ဝင်ရောက် စိစစ်ခဲ့ခြင်းဖြစ်သည်။အာဏာပိုင်များ ဝင်ရောက်လာချိန်တွင် စခန်းအနောက်ဘက်ရှိ မြက်ခင်းများ၊ လယ်ကွင်းများနှင့် ရေအတွင်းသို့ ဆင်း၍ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသော်လည်း အာဏာပိုင်များက ပိတ်ဆို့ ဖမ်းဆီးခဲ့ကြသည်။
စခန်းအတွင်းရှိ မြန်မာ ၁၉၅ ဦး (အမျိုးသား ၁၃၂ ဦး၊ အမျိုးသမီး ၆၃ ဦး) တွင် တရားဝင် စာရွက်စာတမ်း အပြည့်အစုံ ရှိကြောင်း တွေ့ရှိရသည်။
ကျန် အထောက်အထားမရှိသူ ၃၅ ဦး (အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၇ ဦး) မှာ မည်သည့် လက္ခဏာကတ် သို့မဟုတ် နယ်စပ်ဖြတ်သန်းခွင့် စာရွက်စာတမ်းမျှ ပြသနိုင်ခြင်း မရှိသဖြင့် ဥထိုင်းရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
စုံစမ်းစစ်ဆေးချက်များအရ အချို့မှာ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည်မှာ တစ်လခန့်ရှိပြီဖြစ်ပြီး အချို့မှာ ရက်ပိုင်းမျှသာ ရှိသေးကြောင်း၊ ကန်ချနပူရီ(Kanchanaburi) လမ်းကြောင်းမှတစ်ဆင့် ပွဲစားများ၏ ကူညီမှုဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ လာရောက် လုပ်ကိုင်ကြခြင်း ဖြစ်ကြောင်း သိရသည်။
တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် လုပ်သားများကို အရေးယူမည့်အပြင်၊ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို လက်ခံထားရှိခြင်း၊ ပုန်းအောင်းကူညီပေးခြင်း ပြုလုပ်သည့် အလုပ်ရှင်များနှင့် အိမ်ပိုင်ရှင်များကိုပါ ၁၉၇၉ လဝက ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဟု ဥထိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးက သတိပေးထားသည်။
Source;Thaiger
