ကတ်ပန်းရောင် လိမ်လည်မှုကို ဘန်ကောက်မြို့တော်ဝန် က ခရိုင် ၅၀ လုံး၌ ၁၀ နှစ်စာ အရေးပေါ် စစ်ဆေးရန် အမိန့်ထုတ်

ရွှေ့ပြောင်း နိုင်ငံခြားသားများ၏ သားသမီးများကို အိမ်ထောင်စုစာရင်း အတုပြုလုပ်၍ “ပန်းရောင်ကတ်” (Pink Card) လျှောက်ထားပေးနေသည့် မသမာမှုနှင့် ပတ်သက်၍ ဘန်ကောက် မြို့တော်ဝန် Chadchart Sittipunt က ဘန်ကောက်ရှိ ခရိုင်ပေါင်း ၅၀ လုံး၌ လွန်ခဲ့သော ၁၀ နှစ်စာ (၂၀၁၇ မှစ၍) မှတ်တမ်းများကို နောက်ကြောင်းပြန် စစ်ဆေးပြီး ဩဂုတ် ၂၁ ရက် အရောက် အရေးပေါ် အစီရင်ခံစာ တင်ပြရန် အမိန့်ပေးလိုက်ပါတယ်။
နိုင်ငံခြားသားများ၏ ကလေးငယ်များ ဇာတိနိုင်ငံသို့ ပြန်သွားသော်လည်း မွေးစာရင်း ကျန်ရှိနေသည်ကို အခွင့်ကောင်းယူ၍ အခြား အိမ်ထောင်စုစာရင်းများအတွင်း အမည်လွှဲပြောင်း ထည့်သွင်းခြင်း သို့မဟုတ် ဗဟိုအိမ်ထောင်စုစာရင်းမှတစ်ဆင့် တရားဝင်ကဲ့သို့ ဖြစ်အောင် ရွှေ့ပြောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဒင်ဒန်း (Din Daeng) ခရိုင်ရှိ ၄၀ စတုရန်းမီတာခန့်သာ ကျယ်ဝန်းသော အိမ်ခန်းတစ်ခန်းအတွင်း လူပေါင်း ၄၀ မှ ၄၅ ဦးအထိ အမည်စာရင်း သွင်းထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ဖြစ်စဉ်နှင့် ဆက်စပ်၍ BMA က ဝန်ထမ်း ၄ ဦးအား တာဝန်မှ ခေတ္တရပ်ဆိုင်းထားပြီး၊ပွဲစားများနှင့် အစိုးရဝန်ထမ်းများအကြား ငွေကြေးစီးဆင်းမှုကို ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ အထူးစုံစမ်း စစ်ဆေးလျက် ရှိသည်။

လက်ရှိတွင် အိမ်တစ်အိမ်၌ လူ ၁၅ ဦးထက်ပိုပါက သတိပေးချက်ပြသသည့် စနစ်သည် ထိုင်းနိုင်ငံသားများအတွက်သာ အလုပ်လုပ်ပြီး နိုင်ငံခြားသားများအတွက် မရှိသေးသဖြင့် မသမာသူများက အခွင့်ကောင်းယူခဲ့ခြင်းဖြစ်သည်။

အနာဂတ်တွင် မသမာမှုများ မဖြစ်ပေါ်စေရန် အာဏာကို ဝန်ထမ်းတစ်ဦးတည်းထံ ပုံအောမထားဘဲ ခရိုင်ညွှန်ကြားရေးမှူးများက တိုက်ရိုက် ကွပ်ကဲရန်နှင့် မှတ်ပုံတင်ဌာန ဝန်ထမ်းများကို ပုံမှန် နေရာရွှေ့ပြောင်းပေးမည့် မူဝါဒများ ချမှတ်သွားမည်ဖြစ်သည်။

မသမာမှုတွင် ငွေကြေးပါဝင်ပတ်သက်မှု ရှိပါက အငြိမ်းစားယူသွားသော အရာရှိကြီးများ အပါအဝင် ပါဝင်ပတ်သက်သူ အားလုံးကို ထိရောက်စွာ အရေးယူသွားမည်ဟု မြို့တော်ဝန်က အတည်ပြု ပြောကြားထားသည်။

Source;Khaosod