ဘန်ကောက်မြို့၊ ကလောင်သိုရီ ခရိုင် (Klong Toey) ရှိ သုခွန်ဗစ်လမ်းပေါ်တွင် တည်ရှိသော ဘန်ဂျာဆီရီ ပန်းခြံ (Benjasiri Park) ၏ ရေကန်အတွင်း အမျိုးသားတစ်ဦး၏ အလောင်းကို သောကြာနေ့ညပိုင်းက တွေ့ရှိခဲ့ရပြီး စီစီတီဗီမှတ်တမ်းများအရ ၎င်းမှာ ရန်ဖြစ်ပြီး ရေထဲသို့ ပစ်ချခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်ဗျာ။
သောင်လော် (Thonglor) ရဲစခန်း၏ စီစီတီဗီ (CCTV) မှတ်တမ်းများ စိစစ်ချက်အရ သေဆုံးသူ အမျိုးသားသည် အခြားလူတစ်ဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အသတ်ခံရကာ သတိလစ်သွားချိန်တွင် ကျူးလွန်သူက ရေကန်အတွင်းသို့ ပစ်ချ၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာချိန်တွင် ရေငုပ်အဖွဲ့က ကန်အတွင်း ရှာဖွေရေး ပြုလုပ်ခဲ့ပြီး အလောင်းကို ဆယ်ယူနိုင်ခဲ့သည်။
သေဆုံးသူသည် အင်္ကျီမပါဘဲ အနက်ရောင် ဘောင်းဘီတိုတစ်ထည်သာ ဝတ်ဆင်ထားပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ အထောက်အထား တစ်စုံတစ်ရာ တွေ့ရှိရခြင်း မရှိပေ။
လက်ရှိတွင် ရဲတပ်ဖွဲ့က သေဆုံးရသည့် အကြောင်းရင်း အတိအကျကို စိစစ်လျက်ရှိပြီး သေဆုံးသူ မည်သူမည်ဝါ ဖြစ်သည်နှင့် ထွက်ပြေးလွတ်မြောက်နေသည့် သံသယရှိသူ တရားခံကို စုံစမ်းဖော်ထုတ် အရေးယူနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် စုံစမ်းစစ်ဆေးလျက် ရှိသည်။
Source;Bangkok Post
