ဖူးခက်တွင် အစ္စရေး ခရီးသွားနှင့် စကားများခဲ့သည့် ထိုင်းဆိုင်ဝန်ထမ်း ဖြစ်စဉ်အပေါ် ပြန်လည်ရှင်းလင်း

ဖူးခက်ခရိုင်၊ ပါတောင် (Patong) ဒေသရှိ ခရီးသွား ဝန်ဆောင်မှုဆိုင်ဝန်ထမ်း ထိုင်းအမျိုးသားတစ်ဦးနှင့် အစ္စရေး ခရီးသွားတစ်ဦးတို့ အငြင်းပွားခဲ့ကြပြီး “ဒါ ထိုင်းနိုင်ငံဖြစ်တယ်၊ မင်းတို့နိုင်ငံ မဟုတ်ဘူး” ဟု ထုတ်ပြောခဲ့သည့် ဗီဒီယို ဖိုင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားခဲ့ပြီးနောက် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ဝန်ထမ်းက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါတယ်ဗျာ။

အသက် ၂၄ နှစ်အရွယ် ဆိုင်ဝန်ထမ်း Kechin ၏ ပြောကြားချက်အရ အစောပိုင်းက လာရောက်အားပေးခဲ့သည့် ပလက်စတိုင်း ခရီးသွားများအတွက် ဧည့်သည်တိုးပွားရေး ရည်ရွယ်ချက်ဖြင့် ပလက်စတိုင်း အလံပြသထားခြင်း ဖြစ်သည်။

ထိုစဉ် အနီးနားရှိ အစ္စရေး ခရီးသွားအဖွဲ့က ၎င်းတို့အား မောင်းထုတ်ရန် သို့မဟုတ် နိုင်ငံရေးအရ စော်ကားရန် အလံပြသထားခြင်းဖြစ်သည်ဟု ထင်မြင်သွားခဲ့ကြသည်။

အစ္စရေး ခရီးသွားအဖွဲ့က ဆိုင်ရှေ့သို့ လာရောက်၍ ပလက်စတိုင်းဘက်က ထောက်ခံပါသလားဟု လာရောက်မေးမြန်းရာမှ အငြင်းပွားမှု စတင်ခဲ့သည်။ Kechin က မည်သည့်ဘက်မှ မပါဘဲ ခရီးသွား ဝန်ဆောင်မှု ပေးခြင်းသာဖြစ်ကြောင်း ငြင်းဆိုခဲ့သော်လည်း အစ္စရေး ခရီးသွားတစ်ဦးက “Free Israel” ဟု အော်ဟစ်ခဲ့သဖြင့် စကားများခဲ့ကြခြင်းဖြစ်သည်။

မိမိအနေဖြင့် မည်သည့် နိုင်ငံသားကိုမျှ ခွဲခြားဆက်ဆံခြင်းမရှိဘဲ အစ္စရေး ခရီးသွားများကိုလည်း ပုံမှန် ဝန်ဆောင်မှုပေးနေကျ ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်မှာ ၎င်းတို့ဘက်မှ လာရောက် ရန်စသည့်အတွက်ကြောင့်သာ တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းထားသည်။

ပါတောင်တွင် အစ္စရေး ခရီးသွားများစွာ လာရောက်လည်ပတ်လေ့ရှိပြီး အထူးသဖြင့် သောကြာနေ့တိုင်း သောကြာနေ့ Shabbat အတွက် Rat-U-Thit 200 Pi လမ်းမကြီးတစ်လျှောက် စုဝေးလေ့ရှိကြသည်။

Source;Khaosod