ဘန်ကောက်မြို့၌ စိတ်ကြွဆေး (Yaba) သုံးစွဲထားသူ အမေရိကန်နိုင်ငံသားတစ်ဦးသည် စတိုးဆိုင်အတွင်း ဘီယာများ လုယက်ယူဆောင်ခဲ့ပြီးနောက် လိုက်လံဖမ်းဆီးသည့် ရဲအရာရှိတစ်ဦးကို လိပ်ခေါင်းဓားဖြင့် လည်ပင်းလှီးဒဏ်ရာပေးခဲ့သဖြင့် လူသတ်ရန် ကြံစည်မှု (Attempted Murder) အပါအဝင် အမှုပေါင်းများစွာဖြင့် အရေးယူခံထားရပါတယ်။
အသက် ၂၉ နှစ်အရွယ် အမေရိကန်နိုင်ငံသား Alexander Lopez ဆိုသူသည် ဩဂုတ် ၂၂ ရက် (စနေနေ့) နံနက် ၁၀ နာရီခန့်တွင် သမ်ဖန်သဝုန်း (Samphanthawong) ခရိုင်ရှိ 7-Eleven စတိုးဆိုင်အတွင်းသို့ ဝင်ရောက်ကာ လိပ်ခေါင်းဓားပြ၍ ဘီယာဘူးများ လုယက်ယူဆောင်ကာ ထွက်ပြေးခဲ့သည်။
တာဝန်ကျ ရဲအရာရှိ Pol Lt Prasarn Somkanay (၅၈ နှစ်) က မော်တော်ဆိုင်ကယ်ဖြင့် လိုက်လံဖမ်းဆီးစဉ် အဆိုပါ အမေရိကန်နိုင်ငံသားက ခုခံပြီး ရဲအရာရှိ၏ လည်ပင်းကို ဓားဖြင့် လှီးခဲ့သည်။ ဒဏ်ရာရ ရဲအရာရှိကို BMA အထွေထွေဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင်ကုသပေးခဲ့ရသည်။
တရားခံသည် ထွက်ပြေးရင်း မောပန်းသွားခဲ့သဖြင့် နံနက် ၁၁:၀၅ နာရီခန့်တွင် ပွန်ပရပ် (Pomprap Sattruphai) ခရိုင်အတွင်း ဖမ်းဆီးရမိခဲ့သည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ တရားခံထံမှ စိတ်ကြွဆေး (Methamphetamine) သုံးစွဲထားကြောင်း တွေ့ရှိရပြီး မေးမြန်းမှုများကို ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ပေ။
ယနေ့ (ဩဂုတ် ၂၄ ရက်) တနင်္လာနေ့တွင် အမေရိကန်သံရုံး ကိုယ်စားလှယ်များ ရှေ့မှောက်၌ ဆက်လက် စစ်ဆေးမေးမြန်းသွားမည်ဖြစ်သည်။
လူသတ်ရန် ကြံစည်မှုအပြင် တာဝန်ထမ်းဆောင်နေသည့် ရဲအား ဟန့်တားမှု၊ အကြောင်းမဲ့ လက်နက်ကိုင်ဆောင်မှု၊ ဓားပြတိုက်မှု၊ ခိုးယူမှုတို့ဖြင့် တရားစွဲဆိုထားသည်။ (၎င်းသည် ယင်းနေ့ နံနက် ၁ နာရီခန့်ကလည်း သမ္မာဆတ် တက္ကသိုလ်အတွင်းမှ အိတ်နှင့် ဖုန်းတစ်လုံးကို ခိုးယူခဲ့သေးကြောင်း သိရသည်)။
Source;Bangkok Post
