ဘန်ကောက်မြို့၊ စဖန်းဆုန်း (Saphan Sung) မြို့နယ်ရှိ ကုန်စုံဆိုင်အတွင်း အသက် ၇၉ နှစ်အရွယ် အဘိုးအို ပိုင်ရှင်ဖြစ်သူအား ငရုတ်ကျပွေ့ဖြင့် ခေါင်းကို ရိုက်နှက်သတ်ဖြတ်ကာ ပစ္စည်းများ လုယက်ပြေးဓားပြတိုက်ခဲ့သည့် မြန်မာအမျိုးသားတစ်ဦးအား စမုတ်ပရာကန်ရှိ ဆောက်လုပ်ရေးဆိုက်တစ်ခု၌ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
ဩဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် စဖန်းဆုန်းမြို့နယ်၊ သပ်ချမ်း အပိုင်၊ စွိုင်နက်ကီ လမ်းသွယ် ၄၀ ရှိ ကုန်စုံဆိုင်ပိုင်ရှင် အသက် ၇၉ နှစ်အရွယ် Mr. Thawatchai Siwilai ဆိုသူမှာ နေအိမ်အတွင်း ငရုတ်ကျေပွေ့ဖြင့် ခေါင်းကို ရိုက်နှက်ခံရပြီး ပစ္စည်းများ လုယက်ခံရကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
ရဲတပ်ဖွဲ့သည် သဲလွန်စများကို လိုက်လံစုံစမ်းခဲ့ရာ ဩဂုတ် ၂၅ ရက် ညပိုင်းတွင် စမုတ်ပရာကန် (Samut Prakan) ခရိုင်၊ မြို့နယ်အပိုင် စွိုင်ထေစဘန် ဘန်းပူး ၃၉ ရှိ ဆောက်လုပ်ရေးဆိုက်တစ်ခု၌ ပုန်းအောင်းနေသည့် ပြစ်မှုကျူးလွန်သူ မြန်မာအမျိုးသားအား ဖမ်းဆီးရမိခဲ့ပြီး ဩဂုတ် ၂၆ ရက် နံနက် ၇ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။
တရားခံအား စုံစမ်းစစ်ဆေးပြီးနောက် ၎င်း၏ သဘောတူညီချက်ဖြင့် အခင်းဖြစ်ပွားရာ ကုန်စုံဆိုင်နှင့် ပြစ်မှုကျူးလွန်အပြီး အဝတ်အစား သွားရောက်လဲလှယ်ခဲ့သည့် စွိုင်ရမ်ခမ်းဟဲင် ၅၂/၁ ရှိ အဆောင်တို့တွင် အမှုဖြစ်စဉ်ကို ပြန်လည်သရုပ်ပြ (Reenactment) စေခဲ့သည်။
ရဲတပ်ဖွဲ့က လုံခြုံရေးအပြည့်ဖြင့် သရုပ်ပြမှုကို ဆောင်ရွက်ခဲ့ပြီး တရားခံအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးရေး အရာရှိများထံ လွှဲပြောင်းပေးအပ်ထားသည်။
Source;Thairath
ဘန်ကောက်၌ အဘိုးအို ကုန်စုံဆိုင်ပိုင်ရှင်အား ငရုတ်ကျပွေ့ဖြင့် ရိုက်နှက်သတ်ဖြတ်သူ မြန်မာလုပ်သား ဖမ်းဆီးရမိ
