ဖူးခက်၌ ဘေလ်မရှင်းသည့် ခရီးသွားများကို အစ္စရေးဟု မှားဖော်ပြမိ၊ အမှန်မှာ ဆော်ဒီနှင့် မိုရိုကို နိုင်ငံသားများဖြစ်

ထိုင်းနိုင်ငံ၊ ဖူးခက်ရှိ Patong နယ်မြေ စားသောက်ဆိုင်တစ်ဆိုင်တွင် ဘတ် ၈,၀၀၀ ဖိုး စားသောက်ပြီး ဘေလ်မရှင်းဘဲ ထွက်ခွာသွားသည်ဟုဆိုသော နိုင်ငံခြားသား ခရီးသွားများမှာ အစ္စရေးနိုင်ငံသားများ မဟုတ်ဘဲ ဆော်ဒီနှင့် မိုရိုကို နိုင်ငံသားများသာဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် သတင်းမဖော်ပြမီ သေချာစွာ စိစစ်ကြပါရန် ထိုင်းနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးက မီဒီယာများနှင့် ဆိုရှယ်မီဒီယာ အသုံးပြုသူများကို တောင်းဆိုလိုက်ပါတယ်။

၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့က Patong ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် နိုင်ငံခြားသား ခရီးသွားတစ်စုသည် ဘတ် ၈,၀၀၀ ခန့်တန်ဖိုးရှိ အစားအသောက်နှင့် သောက်စရာများကို မှာယူသုံးဆောင်ပြီးနောက် ဘေလ်မရှင်းဘဲ ထွက်ခွာသွားသည်ဟု ဆိုရှယ်မီဒီယာပေါ်၌ သတင်းများ ကျယ်ပြန့်စွာ ပျံ့နှံ့ခဲ့သည်။ အဆိုပါ သတင်းများတွင် ပါဝင်သူများကို အစ္စရေး ခရီးသွားများဟု မှားယွင်း ဖော်ပြခဲ့ကြသည်။

Patong ရဲစခန်းမှ တာဝန်ရှိသူများ၏ စုံစမ်းစစ်ဆေးချက်အရ အဆိုပါ အုပ်စုတွင် ဆော်ဒီအာရေးဗီးယား နိုင်ငံသား အမျိုးသား ၁ ဦးနှင့် မိုရိုကို နိုင်ငံသား အမျိုးသမီး ၃ ဦး ပါဝင်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ဆိုင်တာဝန်ရှိသူနှင့် ခရီးသွားများအကြား ညှိနှိုင်းပေးရန် ရဲတပ်ဖွဲ့က ကြိုးပမ်းခဲ့သော်လည်း သဘောတူညီမှု မရရှိခဲ့သဖြင့် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အရာရှိထံ လွှဲပြောင်းကာ ဥပဒေအတိုင်း ဆက်လက် အရေးယူ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အစ္စရေး သံရုံးက မီဒီယာများနှင့် အွန်လိုင်း အသုံးပြုသူများအနေဖြင့် နိုင်ငံခြားသားများနှင့် သက်ဆိုင်သည့် သတင်းများကို ဖော်ပြတော့မည်ဆိုပါက လူမျိုးရေးဆိုင်ရာ အထင်အမြင် လွဲမှားမှုများ မဖြစ်ပေါ်စေရေးအတွက် အချက်အလက်များကို သေချာစွာ စိစစ်ပြီးမှသာ ထုတ်လွှင့်ကြရန် တိုက်တွန်း တောင်းဆိုထားသည်။

Source;The Nation