ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် ကလေးငယ်တိုင်းသည် လူမျိုးမရွေး ပညာသင်ကြားပိုင်ခွင့်ရှိကြောင်းနှင့် ဒုက္ခသည်စခန်းမှ ကလေးငယ်များ စာသင်ကျောင်းများသို့ သွားရောက်သင်ကြားရာတွင် ကြုံတွေ့နေရသည့် စည်းမျဉ်းဆိုင်ရာ အဟန့်အတားများကို ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြင်ဆင်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဝန်ကြီး နိုင်းပရာဆာတ် ဂျန်ထရောင်းသောင်း (Prasert Jantararuangtong) က စက်တင်ဘာ ၁ ရက်နေ့တွင် အာမခံပြောကြားလိုက်ပါတယ်။
တာ့ခ် (Tak) ခရိုင် ပညာရေးဇုန် ၂ မှ စည်းမျဉ်းများနှင့် မညီညွတ်ဟုဆိုကာ ဒုက္ခသည်စခန်းအတွင်းရှိ ကလေးငယ်များ ထိုင်းစာသင်ကျောင်းများတွင် တက်ရောက်နေခြင်းကို တားမြစ်သည့် ကြေညာချက် ထုတ်ပြန်ခဲ့သဖြင့် ကလေးငယ်အချို့ ပညာသင်ကြားခွင့် ရပ်ဆိုင်းမည့် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည်။
ထိုင်းနိုင်ငံသည် နိုင်ငံတကာ ကလေးသူငယ် အခွင့်အရေး ကတိကဝတ်များအတိုင်း မည်သည့်လူမျိုးဖြစ်စေ ကလေးတိုင်း ပညာသင်ကြားခွင့် ရရှိစေရမည်ဖြစ်ပြီး ကလေးများကို ပညာရေးပြင်ပသို့ ရောက်ရှိသွားစေရန် မည်သည့်အခါမျှ တားမြစ်ပိတ်ပင်မည် မဟုတ်ကြောင်း အတည်ပြုခဲ့သည်။
ဖြေရှင်းမည့် လမ်းကြောင်း ၂ ခု:
၁။ ဒုက္ခသည်စခန်းများအတွင်း တရားဝင် စနစ်ကျသည့် ပညာသင်ကြားမှု ပုံစံများ ဖန်တီးပေးခြင်း။
၂။ စခန်းပြင်ပ ထိုင်းကျောင်းများသို့ လာရောက်သင်ကြားနိုင်ရန်အတွက် တားဆီးနေသည့် ဥပဒေ၊ စည်းမျဉ်းများနှင့် စာရွက်စာတမ်းဆိုင်ရာ အခက်အခဲများကို လျှော့ချပေးခြင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် Thammasat တက္ကသိုလ်၊ Chulalongkorn တက္ကသိုလ်တို့မှ ပါမောက္ခများ၊ နိုင်ငံတကာ ကလေးသူငယ် အခွင့်အရေး စောင့်ရှောက်ရေးအဖွဲ့ဖြစ်သည့် Save the Children နှင့် အခြား အစိုးရမဟုတ်သော အဖွဲ့အစည်းများကို မကြာမီ ခေါ်ယူတွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။
ဒုက္ခသည် ကလေးငယ်များတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ကဲ့သို့သော အထောက်အထား မရှိသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးမှုမှ ထွက်ပေါ်လာသည့် အချက်အလက်များဖြင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source;Thairath
